ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ထုတ်ဝေသည့် ပုံပြပုံပြင်စာအုပ်များအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များထံ ပေးအပ်၊ ပြည်နယ်လက်ရွေးစင် ဘက်စကက်ဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးသင်တန်းအား ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဇူလိုင် ၂၈
          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထုတ်ဝေသည့် တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာ (၂)မျိုးဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များကို ကချင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များထံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
          အဆိုပါ တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေထားသည့် ပုံပြပုံပြင်စာအုပ်များကို ပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ စာအုပ်ရေစုစုပေါင်း (၉၂၈၃၈)အုပ်ကို သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များထံ ပေးအပ်ဖြန့်ဝေထားနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စာအုပ်ပေါင်း (၃၈၇၃၁)ကို ထပ်မံဖြန့်ဝေပေးသွားမည်ကြောင်းနှင့် စာအုပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြန့်ဝေနိုင်ရေး ဝိုင်းဝန်းဖြန့်ဖြူးပေးကြရန်လိုကြောင်း အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားခဲ့သည်။
          ထို့အတူ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့ကလည်း  ပုံပြပုံပြင်စာအုပ်များ ပေးအပ်ရခြင်းသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များက ယခုဘဏ္ဍာနှစ်အတွက် ပဉ္စမအကြိမ်မြောက်အဖြစ် ထုတ်ဝေခဲ့သည့် ဂျိန်းဖော (၈၅၇၇) အုပ်၊ လာချိဒ် (၃၀၇၁)အုပ်၊ လော်ဝေါ် (၇၆၅၀)အုပ်၊ လီဆူ (၂၂၃၃)အုပ် ၊ ရဝမ် (၉၂၀၀)အုပ်၊ ဇိုင်းဝါး (၁၂၀၀)အုပ်၊ တိုင်းလေ (၄၈၀၀)အုပ်နှင့် တိုင်းခမ်းတီ (၂၀၀၀၀)အုပ်တို့ကို သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့များမှ ခေါင်းဆောင်များထံ အသီးသီးပေးအပ်ခဲ့ကြရာ လော်ဝေါ် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
          ထို့အပြင် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစကားသင် Teaching Assistant(TA) နှင့် Language Teacher (LT) ဆရာ၊ ဆရာမများကိုလည်း ၂၀၁၇-၂၀၂၈ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အထိ ဆရာ၊ ဆရာမစုစုပေါင်း (၁၁၂၂)ဦးတို့ ခန့်အပ်ပေးနိုင်ခဲ့သည့်အပြင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ကိုလည်း ဆရာ၊ ဆရာမများ ထပ်မံခန့်ထားနိုင်ရေး မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်နှင့် ပူးပေါင်း၍ တိုင်းရင်း သားဘာသာစကားသင် ဆရာအတတ်ပညာ အရည်အသွေး မြှင့်အထောက်အကူပြုဆွေးနွေးပွဲကို သင်တန်းသား(၃၃)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။
          အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘတ်စကက်ဘော ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် လက်ရွေးစင်ကစားသမားများအား အား‌ပေးအမှာစကားနှင့် ပြည်နယ်၏ ဘောလုံးအားကစားတိုးတက်မြင့်မားရေးသာမက ကစားနည်းအဆင့်အတန်း တိုးတက်စေရေး အရည်အသွေးပြည့်မီသည့် ဒိုင်လူကြီး မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ကြောင်းပြောကြားပြီး လက်ရွေးစင်ဘတ်စကက် ဘောအသင်းနည်းပြ၊ အုပ်ချုပ်သူနှင့်ကစားသမားများထံ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ်သိန်း ၃၀ ကို လည်းကောင်း၊ ဒိုင်သင်တန်းအတွက် ဝတ်စုံများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ယူချိန်ကျောင်းအုပ်မှလည်း ငွေကျပ်သိန်း ၃၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ လက်ရွေးစင်အသင်း နည်းပြ က ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရှိမှုများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
          အဆိုပါ အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးသင်တန်းကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဒိုင်ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း သားဦးရေ (၃၅)ဦးတို့အား (၅)ရက်ကြာ စာတွေ့/ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။