မြစ်ကြီးနားမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲကျင်းပ

မြစ်ကြိးနား     ဇူလိုင် ၂၈
          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဆင်းပွဲကို ယနေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
          ရှေးဦးစွာ သင်တန်းဆင်းပွဲကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးရန်နောင်က အုပ်ချုပ်‌ရေးမှူးများအနေဖြင့် ယခုသင်တန်းက သင်ကြားပို့ချပေးလိုက်သည့် သင်ခန်းစာများကို လက်တွေ့အသုံးချရာတွင် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ပြီးဖြစ်သည့်အတွက် မြေပြင်တွင် အခက်အခဲမရှိစေဘဲ လွယ်ကူလျင်မြန်စွာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ရပ်ကွက်/ကျေးရွာအတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုစနစ်တကျ တိုးတက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ရပ်/ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုမိုးရေးကို အထူးအလေးထားဆောင်ရွက်ကြ‌ရေး တိုက်တွန်းမှာကြားသည်။
          ထို့နောက် ဇူလိုင် ၁ ရက်နေ့မှစတင်၍ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော အဆိုပါ သင်တန်းမှ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနက် သင်တန်းသားထူးချွန် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများအား မြို့နယ်အုပ်ချုပ်ရေးမှူးက လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
          အဆိုပါ သင်တန်းကို ကချင်ပြည်နယ်အတွင်း ဥပဒေနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် မြစ်ကြီးနား မြို့နယ်အပါအဝင်  ရွှေကူ၊ ဖားကန့်၊ မချမ်းဘော၊ တနိုင်း စသည့် မြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးစုစုပေါင်း (၁၂၂) ဦးတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနအဖွဲ့အစည်း (၁၇) ခုတို့မှ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။