ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကျေးရွာအုပ်စု လဝမ်ကထောင်ကျေးရွာအတွက် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များ ပြည်သူများလက်ဝယ် အရောက်ထုတ်ပေး

မြစ်ကြီးနား     ဇူလိုင် ၃၀
          ကချင်ပြည်နယ်အတွင်း နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ခရိုင် (၄) ခရိုင်၊ မြို့နယ် (၇) မြို့နယ်တွင် ကျေးရွာ (၇) ရွာအား မြေငှားဂရန်ထုတ်ပေးရေးဆောင်ရွက်ခဲ့ရာ မိုင်းနားကျေးရွာအုပ်စု၊ လဝမ်ကထောင်ကျေးရွာအတွက် ဆောင်ရွက်ပေးခဲ့သည့် မြေငှားဂရန်များပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဒူဝါလဝမ်လီအောက်မေ့ဖွယ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ပြီး ကျေးရွာနေပြည်သူများလက်ဝယ်အရောက် မြေဌားဂရန်များထုတ်ပေးခဲ့ကြသည်။
          ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကျေးရွာများအတွင်း ပိုင်ဆိုင်မှု အထောက်အထားကင်းမဲ့စွာ နေထိုင်ရခြင်းအစား ခိုင်မာသည့် တရားမဝင် အထောက်အထားဖြစ်သော မြေငှားဂရန်ရှိခြင်းအားဖြင့် ကျေးရွာနေပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများ ပိုမိုရရှိကာ နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သော အခွန်ငွေများရရှိစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်း ခရိုင် (၄) ခရိုင်မှ မြို့နယ် (၇) မြို့နယ်ရှိ ကျေးရွာ (၇) ရွာကို ရက် (၁၀၀) စီမံချက်ဖြင့် မြေငှားဂရန် ထုတ်ပေးခြင်းပင်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရက် (၁၀၀)စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော လဝမ်ကထောင်ကျေးရွာမှ အိမ်ခြေ (၈၆)၊ အိမ်ထောင်စု (၈၆)စု ဧရိယာ (၃၀ ဒဿမ ၃၇) ဧကတို့အတွက် ကျေးရွာမြေငှားဂရန်များကို ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြရာ ရပ်မိရပ်ဖပြည်သူတစ်ဦးက မြေငှားဂရန်ပြုလုပ်ဆောင်ရွက်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။