ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်စက်ချုပ်သင်တန်း ဖွင့်လှစ်ပေး၊ ယာယီတိမ်းရှောင်ဝန်ထမ်းများနှင့် စခန်းပေါင်း (၂၀) မှ အိမ်ထောင်စုများအတွက် ဆန်အိတ်များထောက်ပံ့

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အဆုံးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သော ဒေသခံတိုင်းရင်းသားမျိုးနွယ်စုလူငယ်များအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
          အဆိုပါ အခမ်းအနားကို ဒေသတွင်းတိုင်းရင်းသားမျိုးနွယ်စုများအတွက် အခြေခံစက်ချုပ် နည်းပညာအပြင် တိုင်းရင်းသား အခွင့် အရေးဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ဥပဒေ၊ နည်းဥပဒေ ပါအချက်များ၊ ယဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ဟောပြောသွားမည့်အပြင် ရပ်/ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်ချက်ကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ပြည်နယ်လူမှု‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/ မြို့နယ်ရုံးမှ ယာယီတိမ်းရှောင်လာသော ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်‌ရောက်ပြီး နယ်မြေလုံခြုံရေး အခြေအနေအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်မှ မြစ်ကြီးနားမြို့သို့ ယာယီတိမ်းရှောင်ရောက်ရှိနေသော မြစ်ကြီးနားခရိုင်မှ ၁၂၆ ဦး၊ ချီဖွေခရိုင်မှ ၇၇ ဦး၊ ဗန်းမော်ခရိုင်မှ (၈၁)ဦးနှင့် ဆွမ်ပရာဘွမ်မြို့နယ်မှ (၁၀)ဦး စုစုပေါင်း (၂၉၄)ဦးတို့အား နေထိုင်စားသောက်မှုအဆင်ပြေစေရန်အတွက် ဝန်ထမ်း (၁)ဦးလျှင် ဆန် (၁)အိတ်နှုန်းဖြင့် စုစုပေါင်း (၂၉၄)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
          ထို့အတူ မွန်းလွဲပိုင်းတွင်လည်း မြစ်ကြီးနားမြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ဆဒုံး၊ ဖားကန့်၊ ဆော့လော်၊ ကံပိုင်တည်၊ ဗန်းမော်၊ ချီဖွေမြို့နယ်များမှ ယာယီတိမ်းရှောင်၍ မြစ်ကြီးနားမြို့ပေါ်နှင့် ဝိုင်းမော်မြို့တို့တွင် ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော စခန်းပေါင်း (၂၀) ခုတို့မှ အိမ်ထောင်စု (၁၃၂၂) တို့နှင့် သွားရောက်တွေ့ဆုံပြီး အိမ်ထောင်စုများအတွက် တန်ဖိုးငွေကျပ် ၁၂၅၅၉၀၀၀၀ တန်ဖိုးရှိ ဆန်(၂၄)ပြည်ပါအိတ်ပေါင်း (၁၃၂၂)အိတ်ကို အသီး သီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး စခန်းနေအိမ်ထောင်စုများကိုယ်စား တာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အားပေးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။