မြစ်ကြီးနားမြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင် ပေးအပ်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား     ဇူလိုင်   ၃၀

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်များ ပေးအပ်ပွဲအခမ်းအနားကို ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ သင်တန်းခန်းမ၌ ၃၀-၇-၂၀၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေက လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ရရှိခြင်းဖြင့် မိမိတို့၏ထုတ်ကုန်များကို ဈေးကွက်တွင်တရားဝင်ဖြန့်ဖြူးရောင်းချခွင်ရှိသည့်အပြင် စားသုံးသူများကလည်း ပိုမိုယုံကြည် စိတ်ချမှုရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးက ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊မိုးကောင်း၊ မိုးညှင်းမြို့နယ်များမှ စားသောက်ရေးဆိုင်ရာလုပ်ငန်း၊ အိမ်သုံးကုန်ဆိုင်ရာလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ အထည်လုပ်ငန်းနှင့် အထွေထွေဆိုင်ရာလုပ်ငန်းရှင် (၉) ဦးတို့အား အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်များပေးအပ်ခဲ့ရာ လုပ်ငန်းရှင်များအနက်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ လက်မှုရွာစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် ရက်ကန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။
          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းရှိ လက်ရက်ကန်းနှင့် စက်ရက်ကန်းလက်တွေ့ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များလမ်ညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမများနှင့် သင်တန်းသူများအတွက် ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။