မြစ်ကြီးနား ဩဂုတ် ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူလူထုနှင့် အဓိကထိတွေ့ဆောင်ရွက်နေကြသည့် အုပ်ချုပ်ရေးမှူးများအား နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အုပ်ချုပ်ရေးနှင့်ပတ်သက်သည့် အခြေခံသဘောတရားများကို သိရှိနားလည်အောင် ယခုလိုစနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၊ သင်တန်းတွင် ပို့ချသင်ကြားသွားမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နယ်မြေလုံခြုံရေးအခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ခရိုင်(၆)ခရိုင်၊ မြို့နယ် (၁၈)မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၅၇၉)ကျောင်းရှိသည့်အနက် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ၈၇၂ ကျောင်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီး (၇၀၇)ကျောင်းမှာ နယ်မြေအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မဖွင့်လှစ်နိုင်သည့် ကျောင်းများအားလုံးပြန်လည်ဖွင့်လှစ်နိုင်ရေး တပ်မတော်၊ ဌာနဆိုင်ရာများ၊ ရပ်/ရွာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများအားလုံးက ချိတ်ဆက်ပေါင်းစပ်ပြီး လုံခြုံရေးအစီအမံများချမှတ်ကာ ဖွင့်လှစ်နိုင်ရေး ဆွေးနွေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် ကျောင်းများအနေဖြင့် ၄၄ ရာခိုင်နှုန်းခန့်ရှိနေသည်ကို တွေ့ရှိရသည့်အတွက် ရပ်/ရွာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၏ ဒေသအလိုက်လိုအပ်ချက်၊ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ပြီးဖွင့်လှစ်နိုင်ရေး တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာကျောင်းများစာရင်းနှင့် မဖွင့်နိုင်သေးသည့် အခြေခံ ပညာကျောင်းများ၏ နယ်မြေအခြေအနေများကိုလည်းကောင်း၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးမျိုးဆွေက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/ မြို့နယ်များအလိုက် ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် ကျောင်းများ အခြေအနေကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များကို ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့မဖွင့်လှစ်ရသေးသည့် ကျောင်းများအနက် ယခင်ကတည်းက မဖွင့်လှစ်နိုင်သည့် ကျောင်းများစာရင်းရှိနေသည်ကို တွေ့ရှိရသည့်အတွက် ကျောင်းများဖွင့်လှစ်နိုင်ရေး မြေပြင်တွင် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်၍ ကြိုးစားဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအခြအနေများနှင့် သဘာဝဘေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်ကိစ္စရပ်များ၊ ယခင် ရေကြီးမှုဖြစ်စဉ်များအပေါ်အခြေခံပြီး ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အလေးထားလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်အပေါ် ကချင်ပြည်နယ်အနေဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အလှူငွေများထည့်ဝင်လှူဒါန်းသွားမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

