မြစ်ကြီးနား သြဂုတ် ၁၁
ဧရာဝတီ-မြစ်ဆုံမြစ်ညာရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်လွှတ်တော်ရုံး Banque Hall ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထိုသို့ ရှင်းလင်းဆွေးနွေးရာတွင် ပြည်နယ်ဒေသခံကော်မတီအဖွဲ့ခေါင်းဆောင် ဦးတိန့်ဆောင်က ဒေသခံကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှင်းလင်းဆွေးနွေးမည့် အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ဒေသခံကော်မတီအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဒေါက်တာအောင်ဝင်း မြေငလျင်ကြီးများအကြောင်း၊ မြန်မာနိုင်ငံနှင့် ဘူမိဗေဒဆိုင်ရာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေသခံကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းလှိုင်က ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ တွေ့ရှိချက်များအပေါ် အားသာချက်များကိုလည်းကောင်း၊ ဦးဂျန်ခုန့်(ခ)နော်ခုန့်က ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲများအပေါ် ပြည်သူများ၏မေးမြန်းဆွေးနွေးမှု အများဆုံးနှင့်စိုးရိမ်ပူပန်သည့်အချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့မှုများကိုလည်းကောင်း၊ ဦးမုန်ရိန်လက လျှပ်စစ်ရရှိမှုနှင့် စီးပွားရေး၊ လူမှုရေးအခွင့်အလမ်းဆိုင်ရာ တိုးတက်လာမှုအပေါ် တွေ့ရှိချက်များကိုလည်းကောင်း၊ ဦးနော်ထွဲက တရုတ်နိုင်ငံ၏ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တွေ့ရှိချက်များကိုလည်းကောင်း ပါဝါပွိုင့်ပရိုဂျက်များနှင့် ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ သိလိုသည်များကိုမေးမြန်းကြရာ ဒေသခံကော်မတီအဖွဲ့ဝင်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ နည်းပညာခေတ်တွင် လျှပ်စစ်စွမ်းအားသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်ကို အားလုံးကသိရှိနားလည်ထားပြီး ဖြစ်မည်ဖြစ်ဟုယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ အနာဂတ်မျိုးဆက်သစ်များအတွက် တိုးတက်မြင့်မားစွာနေထိုင်နိုင်ရေး၊ ခေတ်မီပြီး နည်းလမ်းကျသည့် ဖွံ့ဖြိုးတိုးတက်မှုများကို ပိုင်ဆိုင်နိုင်ရေး စသည့် အမွေအနှစ်များကို မှန်ကန်စွာဆုံးဖြတ်ပေးကြရမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ရည်မှန်းချက်ထားကာ မိမိတို့အားလုံးက နည်းမှန်လမ်းမှန်ဖြင့် ဝိုင်းဝန်းဦးဆောင်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ကချင်(၆)မျိုး၊ ရှမ်း(၅)မျိုးအပြင် ကျန်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ဗမာ၊ ရခိုင်၊ ချင်း၊ ကရင်၊ နာဂ စသည့် တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်စေသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၀ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဘောလုံးကွင်း၌ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အဆိုပါ ဘောလုံးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်း သားမျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်များနှင့် စာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌများနှင့် အသင်းသား/ အသင်းသူများ၊ ဒေသခံဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဂျိမ်းဖောအသင်းနှင့် တိုင်းလေအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ဂျိမ်းဖောအသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်စာရင်းစစ်ချုပ်က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြသော ဒိုင်အဖွဲ့အပါအဝင် အဖွဲ့အစည်းအသီးသီးတို့အတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က ဗိုလ်လုပွဲစဉ်အတွင်း အကောင်းဆုံးကစားဆုရရှိသူအားလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများက နေရာအလိုက်အကောင်းဆုံးဆုရ အားကစားသမားများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက အသန့်ရှင်းဆုံးအသင်းဆုရ ရဝမ်အသင်းအားလည်းကောင်း၊ ပူးတွဲတတိယဆုရ ရခိုင်အသင်းနှင့် လော်ဝေါ်အသင်းတို့အားလည်းကောင်း ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်က ဒုတိယဆုရ တိုင်းလေအသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြင့်ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ဂျိမ်းဖောအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၃၀ နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။



