တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

မြစ်ကြီးနား  သြဂုတ် ၁၁
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို သြဂုတ် ၁၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ  ပြည်နယ်လွှတ်တော်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကြည်း ၂၇၃၅၁ ဗိုလ်မှူးကြီးကျော်သူရအစား ကြည်း ၃၀၉၀၇ ဗိုလ်မှူးကြီး စိုးရန်နောင်အား အစားထိုးပြောင်းလဲမှုကို လွှတ်တော်သို့ဖတ်ကြားကြေညာပြီး၊ အဆိုပါ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ကြီး စိုးရန်နောင်က လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅) ဦးက ကြယ်ပွင့်ပြမေးခွန်း (၅)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးခန့်အပ်တာဝန်ပေးနိုင်ရန်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ကြည်း ၃၀၉၀၇ ဗိုလ်မှူးကြီးစိုးရန်နောင်၏ အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့တင်ပြရာ အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းလာသည့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ကိုရယူကာ လွှတ်တော်က သဘောတူသဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ကြည်း ၃၀၉၀၇ ဗိုလ်မှူးကြီးစိုးရန်နောင်အား ပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေး သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ကာ အစည်းအဝေး ပထမနေ့ကို နံနက် ၁၁းဝဝ နာရီချိန် ရပ်နားလိုက်သည်။