မြစ်ကြီးနား စက်တင်ဘာ ၁၅
ကချင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ၊ လူငယ်စကားဝိုင်း၊ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပွဲတော်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ရှေးဦးစွာ ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို ကျောင်းမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်စီမံကိန်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်နှင့် ပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားကို အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တစ်ချို့ကျောင်းစာကြည့်တိုက်များသည် ရှင်သန်လည်ပတ်နေသကဲ့သို့ အချို့ကျောင်းများတွင်စာကြည့်တိုက်လုပ်ငန်းများ လုပ် ဆောင်နိုင်မှုအားနည်းသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ပြည်သူ့စာကြည့်တိုက်များကို ဖော်ဆောင်နိုင်ရေးဆောင်ရွက်ရန် လိုပါကြောင်း၊ ယခုလို ပွဲတော်များကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းစာကြည့်တိုက်များ ပြန်လည်ဖွံ့ဖြိုးရှင်သန်လာ မည်ဖြစ်သကဲ့သို့ ကျောင်းသားလူငယ်များအနေဖြင့်လည်း ကာယ၊ ဥာဏ၊ စာရိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များဖြစ်လာအောင် စာဖတ်ခြင်းအလေ့အထနှင့် ဗဟုသုတရှာဖွေခြင်းစသည့် အလေ့အထကောင်းများကို ရရှိလာမည်ဖြစ်ပါကြောင်း၊ သို့မှသာ စာပေဗဟုသုတနှင့်ပြည့်စုံပြီး ပညာရည်ပြည့်ဝသော ကျောင်းသားလူငယ်များဖြစ်အောင် မိမိတို့အားလုံးက ယခုလို ပွဲတော်များကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက ပွဲတော်အထိမ်းအမှတ် ကျောင်းသား/ ကျောင်းသူများအတွက် ကျင်းပပြုလုပ်ခဲ့သော ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ထက်၊ လယ်၊ မူအဆင့်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက ပွဲတော်တွင် ပါဝင်ကူညီခဲ့ကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် အကအဖွဲ့ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ခန်းမအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ပြသထားသော လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ သုတ/ ရသစာအုပ်စာစောင်ပြခန်းများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် အထူးစီစဉ်ကျင်းပပြုလုပ်ပေးသော ခါးကွင်းလှည့်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ စက္ကူခေါက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်/စာစောင်ငှားရမ်းဖတ်ရှုမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် မွန်းလွဲပိုင်းတွင်လည်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာရေကူးကန်၌ မျိုးဆက်သစ်ရေကူးအားကစားသမားများ မွေးထုတ်လေ့ကျင့်နိုင်ရေး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများ ပူးပေါင်းကျင်းပပြုလုပ်သော ရေကူးသင်တန်းဖွင့်ပွဲ ၁/၂၀၂၆ သို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ရေကူးအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ယခုလို အခြေခံရေကူးသင်တန်းကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်အားကစားသမားများကို မွေးထုတ်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားပြီး သင်တန်းနည်းပြများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် ချီးမြှင့်ငွေကျပ်စုစုပေါင်း ၁၅ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကာ နည်းပြများက သင် တန်းသား ၈၀ဦးအား ရေကူးနည်းအခြေခံနည်းစနစ်များ လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ငြိမ်းချမ်းသာယာဘက်စုံသုံး(၃)ထပ် အားကစားဆောင်ရှိ ပြည်နယ်ဘိလိယက်နှင့် စနူကာဆပ်ကော်မတီ၌ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေးရည်ရွယ်၍ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား/ အမျိုးသမီး အလွတ်တန်းဖိတ်ခေါ်ကလပ်အသင်းပေါင်းစုံ ဘိလိယက်နှင့် စနူကာပြိုင်ပွဲအားတက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ပြိုင်ပွဲဝင်ကြမည့် အသင်း ၁၆ သင်း မှ ဘိလိယက်နှင့်စနူကာအားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ပထမဆုံးစနူကာဘောလုံးကို ကျူတံဖြင့်ထိုး၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲတာဝန်ရှိသူများထံ ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကာ ကလပ်အသင်းများ၏ ပြိုင်ပွဲကျင်းပမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် ရေကူးအားကစားနည်းတွင် ယခုနှစ် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီး/ ပြည်နယ်ပြိုင်ပွဲ၌ ရွှေတံဆိပ်(၄)ခုနှင့် ငွေတံဆိပ်(၁)ခုရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်းနှင့် ဘိလိယက်နှင့် စနူကာအားကစားနည်းတွင် မျိုးဆက်သစ်ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ လေ့ကျင့်မွေးထုတ်ပေးနိင်ရေး ယနေ့ပြိုင်ပွဲအပြင် ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

















