မြစ်ကြီးနား စက်တင်ဘာ ၁၆
ကချင်ပြည်နယ်အတွင်း အဓိက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ပဲပုပ်သီးနှံအတွက် ပဲပုပ်ဆီကြိတ်စက်ရုံများ တည်ထောင်ဖွင့်လှစ်၍ ပဲပုပ်ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် စက်ရုံများတည်ထောင်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ဆီထွက်သီးနှံကို အဆိုပါ ပဲပုပ်သီးနှံအပါအဝင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညှင်း၊ ပန်းနှမ်း စသည့် အဓိကဆီထွက်သီးနှံ (၆)မျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး စုစုပေါင်း စိုက်ဧက(၁၀၄၀၀၄)ဧကအနက် ပဲပုပ်သီးနှံကို ၂၅၂၀၈ ဧက စိုက်ပျိုးလျက်ရှိရာ ဆီထွက်ပဲပုပ်ကို ကြိတ်ခွဲနိုင်မည်ဆိုပါက လက်ရှိပြည်နယ်၏ စားဆီဖူလုံမှု (၅၄)ရာခိုင်နှုန်းနီးပါးခန့်ရှိရာမှ ပဲပုပ်သီးနှံတစ်မျိုးထည်းမှ (၈ ဒဿမ ၉၈) ရာခိုင်နှုန်း ထပ်မံတိုးတက်လာမည်ဖြစ်သည့်အပြင် ပဲပုပ်ကြိတ်ဖတ်မှတစ်ဆင့် တိရစ္ဆာန်အစာကုန်ကြမ်းပါ ထုတ်လုပ်လာနိုင်မည်ကြောင်း အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ထို့အတူ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေကလည်း ပဲပုပ်ဆီကြိတ်စက်ရုံတည်ထောင်နိုင်ရေးအတွက် လက်ရှိပဲပုပ်စိုက်ဧကနှင့် အထွက်နှုန်းအရ ဆီကြိတ်နိုင်မည့် ပဲပုပ်တင်း(၃၀၀၀၀၀)ခန့် ထွက်ရှိနေသည်ဖြစ်သည့်အပြင် စက်ရုံတည်ထောင်ပါက စားဆီဖူလုံမှုတိုးတက်လာမည်ဖြစ်ပြီး ပဲပုပ်စိုက်တောင်သူများအတွက် တည်ငြိမ်သော ဝင်ငွေရရှိလာမည်ဖြစ်သည့်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူများပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုးကလည်း ပြည်နယ်အတွင်း ပဲပုပ်သီးနှံ စိုက်ပျိုးရာသီအလိုက် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နေမည့် အခြေအနေများနှင့် ကုန်ကြမ်းရရှိနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက စက်ရုံတည်ထောင်ပါက အားသာချက်ရရှိမည့်အခြေအနေများနှင့် ပဲပုပ်ဆီကြိတ်စက် တည်ထောင်နိုင်ရေးအတွက် လိုအပ်ချက်များ၊ သိလိုသည်များနှင့် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူ ပူးပေါင်းမှုဖြင့် အဆိုပါ ပဲပုပ်ဆီကြိတ်စက်ရုံကို တည်ထောင်မည်ဆိုပါက ကုန်ကြိမ်းရရှိနိုင်မှုအပေါ်မူတည်ပြီး ဆီပြောင်စင်အောင်ထုတ်နိုင်သော အရည်အသွေးကောင်း၊ တိရစ္ဆာန်အစာပါ ရရှိနိုင်သော ပျော်ဝင်ရည်ဖြင့် ဆီထုတ်ယူသည့်စနစ် (Solvent Extraction Plan)သုံး တန်(၅၀)ကြိတ်နိုင်သော စက်ရုံကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လျှပ်စစ်မီးနှင့် လိုအပ်သောမြေနေရာအကျယ်အဝန်း ရရှိနိုင်သည့် မြစ်ကြီးနားနှင့် မိုးညှင်းတို့တွင် တည်ဆောက်ရန်လျာထားကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ထွန်းသည့် ဆီထွက်သီးနှံ ပဲပုတ်အတွက် ပဲပုပ်ဆီကြိတ်စက်ရုံများ မြစ်ကြီးနားနှင့် မိုးညှင်းမြို့နယ်များတွင် တည်ထောင်နိုင်ရေး ညှိနှိုင်းဆွေးနွေး