မြစ်ကြီးနားမြို့ ပမ္မတီး၊ ရွှေအိုက်နှင့် ရွှေပြည်သာ ရပ်ကွက်များရှိ လယ်မြေများ ရေကြီးနစ်မြှုပ်မှုမှ ကင်းဝေစေရေး ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား စက်တင်ဘာ ၁၆
          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပမ္မတီး၊ ရွှေအိုက်နှင့် ရွှေပြည်သာရပ်ကွက်များရှိ လယ်မြေများ ရေကြီးနစ်မြှုပ်မှုမှ ကင်းဝေးစေရေးနှင့် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယမန်နေ့ မွန်းလွဲပိုင်းက စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တွေ့ဆုံသည်။
          ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီး၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တောင်သူများနှင့် အဆိုပါ ရေနစ်မြှုပ်မှုနှင့် ရေဝပ်တင်ကျန်မှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည့် ရွှေအိုက်ရပ်ကွက်၊ နယ်မြေ(၁) Polytechnics University သွား လမ်းဘေးနတ်စင်ချောင်းအနီး အုတ်စီရေမြောင်းအား မူလရေမြောင်းအကျယ်အဝန်းထက် ပိုမိုတိုးချဲ့တူးဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပမ္မတီးရပ်ကွက်၊ နယ်မြေ(၇)  ကြာအင်းအထက်ကွင်း စိုက်ပျိုးလယ်ယာမြေများ ရေကြီးနစ်မြှုပ်မှုထပ်မံမဖြစ်ပေါ်စေရေး မြေသားမြောင်းအား ရှင်းလင်းတူးဖော်ခြင်း၊ ရေဆင်း Level ရရှိအောင် တူးဖော်ခြင်းနှင့် ဖာပုတ်ချောင်းအတွင်း လွတ်လပ်စွာ စီးဆင်းနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပမ္မတီးနယ်မြေ (၅)အတွင်း မြို့ရှောင်လမ်းမကြီး လမ်းဆုံနေရာ၌ ရေနစ်မြှုပ်မှုများမဖြစ်ပေါ်စေရေး ရေဆင်း Level ရရှိအောင် ဆောင်ရွက်ပြီး ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
          ထို့နောက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက ဆောင်ရွက်ရမည့် နည်းလမ်းများအတိုင်း အကြံပြုချက်များအပေါ် လိုအပ်ချက်များကို စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများအကြား ညှိနှိုင်းပေါင်းစပ်၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။