ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခဲ့သည့် အပင်များ ပြုစုပျိုးထောင်ထားမှုကြောင့် ရှင်သန်ကြီးထွားနေမှုအခြေအနေကို လိုက်လံ ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခဲ့သည့် အပင်များ ပြုစုပျိုးထောင်ထားမှုကြောင့် ရှင်သန်ကြီးထွားနေမှုအခြေအနေကို လိုက်လံ ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     အောက်တိုဘာ ၁၃

          ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် ၂၀၂၂ – ၂၀၂၃ ခုနှစ်၊ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် မြစ်ကြီးနားမြို့ရှိ နည်းပညာတက္ကသိုလ် နှင့် မြစ်ကြီးနားတက္ကသိုလ်တို့တွင် စိုက်ပျိုးထားခဲ့သည့် အရိပ်ရသစ်ပင်များကို ရှင်သန်အောင်မြင် စေရေး ပြုစုပျိုးထောင်ထား ရှိခဲ့ရာ အောက်တိုဘာ ၁၃ ရက် နံနက် ၁၁ နာရီက သစ်ပင်များရှင်သန် အောင်မြင်ဖြစ်ထွန်းနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

          ထိုသို့ စိုက်ပျိုးထားခဲ့သည့် သစ်ပင်များကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဥက္ကာနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်နှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တို့တွင် စိုက်ပျိုးထားခဲ့သည့် အရိပ်ရလေကာပင်များ ပြုစုပျိုးထောင် ထားရှိရာ ရှင်သန်ကြီးထွားနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တွင် ဖြန့်ဝေစိုက်ပျိုးသွားရန် မြို့မပျိုးဥယျာဉ်အတွင်း ပြုစုပျိုးထောင်ထားသည့် ကျွန်း၊ ပိတောက်၊ စကားဝါ၊ ထင်းရှုး၊ တမလန်း၊ ကညင်၊ ပိတောက်နက်၊ သပြေ၊ ယမနေ၊ ပျဉ်းကတိုး စသည့် ပျိုးပင် ပေါင်း ၃၇၃၃၂ ပင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ မိုးလုံလေလုံအားက စားရုံပတ်ဝန်းကျင်၌ မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးထားခဲ့သည့် အရိပ်ရလေကာပင်ကြီးများ ရှင်သန်အောင်မြင်ကြီးထွားနေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြကာ ကြီးထွားမှုနှေးသည့် အပင်များအား ပြုစုပျိုးထောင်ပေးရေးနှင့် လိုအပ်သည့် ပြုစုပျိုးထောင် မှုများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။