ကချင်ပြည်နယ်အတွင်းရှိ မြို့များ အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် စည်ပင်သာယာ ရေးအဖွဲ့ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား  စက်တင်ဘာ  ၂၄
ကချင်ပြည်နယ်အတွင်းရှိ မြို့များ အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ မြို့နယ်/ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိများနှင့် အင်ဂျင်နီယာမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက အမှုဆောင်အရာရှိများအနေဖြင့် မိမိတို့ တာဝန်ယူထားသည့် မြို့များအလိုက် မြို့သာယာလှပရေးကို ယခုထက်ပိုမိုကောင်းမွန်အောင် နေ့စဉ်နှင့်အမျှ ကြိုးစားဆောင်ရွက်သွားကြရေး၊ အဓိကအနေဖြင့်  အမှိုက်ကင်းစင်ရေးကို အလေးအနက်ထားဆောင်ရွက်ကြရေး၊ သန့်ရှင်းသာယာလှပရေးဟု ဆိုရာတွင် ပန်းခြံများနှင့် လမ်းဘေး ဝဲ/ယာများတွင် အလှပန်းပင်များဖြင့် ဖူးပွင့်ဝေဆာနေအောင် စိုက်ပျိုးနိုင်ရေး၊ ပျိုးပင်များကို စနစ် တကျပျိုးထောင်ထားရှိရေး၊ ထို့အပြင် မြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရှိပြီးသား ရေထုတ်မြောင်းများ အဆင့်မြင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းကို စနစ်တကျလုပ်ဆောင်ကြရေး၊ အဖွဲ့ပိုင်ဈေးများတွင်လည်း မီးဘေးလုံခြုံရေး စီမံချက်များအတိုင်း ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရေး ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် မြို့သာယာလှပရေးလုပ်ငန်းနှင့် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ ရွှေကူ၊ ပူတာအို၊ ဟိုပင်၊ နမ္မတီး၊ ကာမိုင်းမြို့များရှိ အမှုဆောင်အရာရှိများက သက်ဆိုင်ရာမြို့နယ်အလိုက် ဆောင်ရွက်ရမည့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို အသီးသီးတင်ပြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။