မြစ်ကြီးနား အောက်တိုဘာ ၂၃
ကချင်ပြည်နယ်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းအား ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးနိုင်ရေး ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက ကြပ်မတ်ထိန်း ကျောင်းနိုင်ရေး ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင်များအနေဖြင့် ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချရေးနှင့် ဒေသခံပြည်သူများ စားအုန်းဆီ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ သတ်မှတ်ဈေးနှုန်းနှင့် အရည်အသွေးပြည့်မီရေး၊ မသမာသောနည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချ မှုများ မရှိစေရေး စနစ်တကျ ကြပ်မတ်ထိန်းကျောင်းသွားကြရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများက ပြည်နယ်အတွင်း စားအုန်းဆီ ၂၀၂၆ ခုနှစ် သြဂုတ်လမှ စ၍ ခွဲတန်း ၃၈၆ တန် ဖြန့်ဖြူးခွင့်ရရှိခဲ့သည့်အပေါ် သက်ဆိုင်ရာခရိုင်အလိုက် ဖြန့်ဖြူးမှု အခြေအနေများ၊ ပြည်သူများထံ ရောင်းချပေးမှုအပေါ် စစ်ဆေးကြပ်မတ်နေမှုများ အခြေအနေများနှင့် ပြည်ပမှ စားအုပ်ဆီတင်သွင်းမှု လျှော့ချရေးနှင့် ဒေသခံပြည်သူများ စားအုန်းဆီ သက်သာဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးနေမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ကြောင်း သိရသည်။
