မြစ်ကြီးနား အောက်တိုဘာ ၂၂
ကချင်ပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့တိုးတက်လာစေရေး နှင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ အသေးစားလုပ်ငန်းမှတ်ပုံတင်များကို ခွင့်ပြုချပေးနိုင်ရေး ယနေ့ နံနက် ၁၁ နာရီက အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များက ညှိနှိုင်း ဆွေးနွေးပွဲမှ သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေး စင်တာ၌ ကျင်းပပြုလုပ်ကြခြင်းဖြစ်ပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေနှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးခြင်းအတွက် တင်ပြလျှောက် ထားလာသည့် လုပ်ငန်းရှင် (၆၉)ဦး၏ စားသောက်ကုန် လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ စက်ချုပ် လုပ်ငန်း၊ ကားဝပ်ရှော့နှင့် ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း၊ လူသုံးကုန်၊ ပရိဘောဂလုပ်ငန်းတို့အား မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက် ထုတ်လုပ်လာနိုင်စေရေး ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေး၊ ခေတ်မီနည်းပညာများကို အသုံးပြု၍ ကုန်ကျစရိတ် လျော့ချပြီး အရည်အသွေးမြှင့်မားသော ထုတ်ကုန်များ ဖန်တီးပေးနိုင်ရန် အသေးစားလုပ်ငန်းရှင် များအား အားပေးဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် လူမှုစီးပွားဘဝတိုးတက်လာစေရေးကို များစွာအထောက်အကူပြုသည့်အတွက် ဥပဒေနှင့် ညီညွတ်ပါက ခွင့်ပြုပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြား ခဲ့ ကြောင်းသိရသည်။
