မြစ်ကြီးနား ဇွန် ၄
မြန်မာ့မီးရထားအနေဖြင့် ကချင်ပြည်နယ်အတွင်း မီးရထားပြေးဆွဲခြင်းလုပ်ငန်းကို မြစ်ကြီးနား- မိုးကောင်း၊ မိုးကောင်း-မြစ်ကြီးနားသာ ပြေးဆွဲနိုင်ခဲ့ရာမှ ယခုအခါတွင် မြစ်ကြီးနား-မိုးကောင်းမှ မိုးညှင်းမြို့ အထိ မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လာမည့်ဇူလိုင်လအတွင်း လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများအား ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့၏ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထား ခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးနှင့် ရထားလမ်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
မြန်မာ့မီးရထားအနေဖြင့် အဆိုပါ မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မိုးကောင်း-မိုးညှင်းလမ်းပိုင်း၍ ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရထားလမ်း (၅၂ ဒဿမ ၂၅)မိုင်ရှိသည့်အနက် လမ်းပိုင်းပြုပြင်မှု (၃၉)မိုင်၊ ရာခိုင်နှုန်းအားဖြင့် ၇၄ ဒဿမ ၆၄ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သဖြင့် ရထားလမ်းပိုင်းအတွင်းရှိ ဘူတာ (၈) ဘူတာပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် တံတားပြုပြင်မှုတွင် သံဘောင်ပြုပြင်ခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သည့်အပြင် တံတားရေလည်တိုင်များပြုပြင်ခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပြုပြင်ပြီးစီးသည့် လမ်းပိုင်းတွင်လည်း သံလမ်း လမ်းခင်းကျောက်ဖြည့်တင်းခြင်းကို ကျောက်ကျင်း (၄၁၈၀) အနက် (၃၄၃)ကျင်း ဖြည့်တင်းထားနိုင်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
ထို့အပြင် အဆိုပါ လမ်းပိုင်းဆောင်ရွက်ပြီးစီးပါက မိုးညှင်း-မြစ်ကြီးနား၊ မြစ်ကြီးနား-မိုးညှင်း ရထားပြေးဆွဲနိုင်ရေး မြင်းကောင်ရေ ၁၃၀၀ အား စက်ခေါင်း၊ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းများဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပြီး လူစီးတွဲများကိုလည်း Auto Coupler တွဲဆိုင်းများဖြင့် ပြေးဆွဲသွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကာ ရိုးရိုးတန်းလူစီးတွဲ (၄)တွဲ၊ အထက်တန်းလူစီးတွဲ (၁)တွဲ၊ ကုန်တင်ဘရိတ်တွဲ(၁)တွဲ ပါဝင်သောတွဲဆိုင်းများဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မြန်မာ့မီးရထားအနေဖြင့် ကချင်ပြည်နယ်အတွင်း မီးရထားပြေးဆွဲမှုလုပ်ငန်းများကို အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖျက်ဆီးမှုကြောင့် မီးရထားလမ်းများ ပျက်ဆီးခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှစ၍ ရပ်ဆိုင်းထားခဲ့ရခြင်းဖြစ်ပြီး မြစ်ကြီးနား-မိုးကောင်း မီးရထားလမ်းပိုင်း ခရီးမိုင် (၃၆.၇၅) မိုင်ကို ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြန်မာ့မီးရထားတို့ပူးပေါင်း၍ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ခဲ့ကာ မိုးကောင်း-မြစ်ကြီးနား ခေါက်တိုပြေးဆွဲခြင်းကို (၁.၁၁.၂၀၂၃)ရက်နေ့မှစ၍ ယနေ့ အထိပြေးဆွဲလျက်ရှိရာ စတင်ပြေးဆွဲချိန်တွင် RBE ကားရထားဖြင့်သာ ပြေးဆွဲနိုင်ခဲ့သော်လည်း ယခုအခါ ရထားစီးပြည်သူများပြားလာသည့်အတွက် စက်ခေါင်းလူစီးတွဲ (၄)တွဲ၊ ဘရိတ်တွဲ (၁)တွဲဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။


