မြစ်ကြီးနား ဇွန် ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ယနေ့ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် အသုံးပြုခဲ့သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ နှင့် ဆက်စပ်ပစ္စည်းများအား မြစ်ကြီးနားမြို့၌ စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ)သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်နိုင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အတွင်း ရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များနှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေနှင့် (MEVM)စက်တွင် အသုံးပြုသည့် ဘတ္ထရီနှင့် အားသွင်းစက်များကို စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်တာဝန်ခံက မဲပေးစက်များအားထိန်းသိမ်းထားရှိရာတွင် စက်များသည် ကြီးကြပ်ကန့်သတ် ပစ္စည်းများဖြစ်၍ ထိခိုက်ပျက်စီးမှုမရှိစေရေး အီလက်ထရောနစ်မဲပေးစက် စစ်ဆေးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ပါအချက်များနှင့်အညီ ၆ လ တစ်ကြိမ် ပုံမှန်စစ်ဆေးခြင်းလုပ်ငန်းကို အလေးထားဆောင်ရွက်ကြရေး၊ အထူးသဖြင့် မိုးရာသီတွင် ရေစိုပျက်စီးမှုနှင့် စိုထိုင်းဆကြောင့် စက်များထိခိုက်မှုမရှိစေရေး၊ ပိုးမွှားဖျက်စီးမှု အန္တရာယ်ကြိုတင်ကာကွယ်ထားရှိရေး၊ ဘတ္ထရီများစနစ်တကျထားသိုရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

