ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်အား အမှတ်(၄၉)အဆန်၊ အမှတ်(၅၀)အစုန်ရထားခရီးစဉ်အဖြစ် ယခုလ ဇူလိုင် ၂၀ ရက်ကျော်တွင် စတင် ဖွင့်လှစ်၍ တိုးချဲ့ပြေးဆွဲပေးနိုင်တော့မည်

မြစ်ကြီးနား  ဇူလိုင် ၈
          ကချင်ပြည်နယ်တွင်း ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေးအတွက် မြန်မာ့မီးရထားခရီးစဉ်အား ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် မြစ်ကြီးနား-မိုးကောင်းမှတစ်ဆင့် မိုးညှင်းမြို့အထိ ခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ရာ ယခုအခါ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်သဖြင့် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်အား ယခုလ ဇူလိုင် ၂၀ ရက်ကျော်တွင် ဖွင့်ပွဲကျင်းပပြုလုပ်၍ စတင်တိုးချဲ့ပြေးဆွဲနိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
          အဆိုပါ မြန်မာ့မီးရထား တိုးချဲ့ပြေးဆွဲရန်အတွက် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းများကို သတ်မှတ်ရက်အတွင်းပြီးစီးအောင် အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ ယခုအခါ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသတွင်းခရီးသွားလာမှုနှင့် ကုန်စည်များ လွယ်ကူမြန်ဆန်စွာသယ်ယူပို့ဆောင်ပေးနိုင်ရေး အမှတ် (၄၉)အဆန်၊ အမှတ်(၅၀)အစုန် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းခရီးစဉ်အား ဖွင့်ပွဲကျင်းပ၍ စတင်ပြေးဆွဲနိုင်ရေး စီစဉ်သွားရမည်ဖြစ် ကြောင်း  ပြောကြားခဲ့သည်။
          ထို့အတူ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရထားလမ်းပိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းခရီးစဉ် တိုးချဲ့ပြေးဆွဲသွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။
          မြန်မာ့မီးရထားအနေဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်းခရီးစဉ် (၃၆ ဒဿမ ၇၅) မိုင်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှစ၍ ယနေ့အထိ ပြေးဆွဲဆောင်ရွက်ခဲ့ရာမှ ယခုအခါ မိုးညှင်းမြို့အထိ ခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မိုးကောင်း-မိုးညှင်း (၅၂ ဒဿမ ၂၅)မိုင်အား ရထားလမ်းပိုင်းပြုပြင်ခြင်း၊ တံတားပြုပြင်ခြင်းများနှင့် သံလမ်းအဆင့်မြှင့်တင်ခြင်းများကို ပြည်သူ့အကျိုးပြု ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မကြာမီလမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်သည့်အတွက်  ယခုလ ဇူလိုင် ၂၁ ရက်နေ့မှစတင်၍ အမှတ် (၄၉)အဆန်နှင့် အမှတ် (၅၀)အစုန် ရထားခရီးစဉ်များအဖြစ် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရှိကာ လက်ရှိတွင် လမ်းပိုင်းပြုပြင်ခြင်း၊ ဘူတာရုံများ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ရထားလမ်းဘေး ဝဲ/ယာ ရှင်းလင်းရေးလုပ်ငန်းများကို သံလမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ယူရှိသူများကပါ အားတက် သရောကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် အဆိုပါ မီးရထားခရီးစဉ်အား မြန်မာ့မီးရထားအနေဖြင့် အမှတ်(၄၉)အဆန်ရထားသည် မိုးညှင်းမြို့ မှ နံနက် ၆ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ အမှတ်(၅၀)အစုန်ရထားသည် မြစ်ကြီးနားမြို့မှ နံနက် ၆ နာရီတွင်လည်းကောင်း မြင်းကောင်ရေ ၁၃၀၀ အား စက်ခေါင်း၊ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းများဖြင့် လူစီးတွဲများကိုလည်း Auto Coupler တွဲဆိုင်းများဖြင့် ရိုးရိုးတန်း (၄)တွဲ၊ အထက်တန်း လူစီးတွဲ (၁)တွဲ၊ ကုန်တင်တွဲ၊ ဘရိတ်တွဲများဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် ဘူတာ(၁၈)ဘူတာ ရပ်နားပေးသွားမည်ဖြစ်ကာ စုစုပေါင်းပြေးဆွဲချိန် ၆ နာရီကျော်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။