ကချင်ပြည်နယ်ဥပဒေချုပ်ရုံးက မြို့နယ် (၁၀)မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများအား ဥပဒေဆိုင်ရာအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား  ဇွန် ၂၂

          ဥပဒေရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဥပ‌ဒေချုပ်ရုံး၏ ကြီးကြပ်စီမံမှုဖြင့် ပြည်သူများထံ ဥပဒေအသိပညာပြန့်ပွားရေးအတွက် အခြေခံကျသည့် မြို့နယ်(၁၀)မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ အဆိုပါသင်တန်းဖွင့်ပွဲကို မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်ဥပဒေအရာရှိနှင့် ခရိုင်/ မြို့နယ်ဥပဒေအရာရှိများ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း(၁၀၀)ကျော်နှင့် ရပ်/ကျေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများနှင့် နေ့စဉ်တိုက်ရိုက်ထိတွေ့နေရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်ကချမှတ်ထားသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်ရေး အခြေခံသဘောတရားများကို သိရှိနားလည်ထားကြရန်နှင့် ဥပဒေအသိပညာပြန်လည်ဖြန့်ဝေပေးခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပ‌ဒေစိုးမိုးရေးကဏ္ဍတွင် ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးကလည်း ဥပဒေရေးရာဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေး ပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မည့်အစီအစဉ်ဖြင့် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင်ပို့ချဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

          အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို မြို့နယ်(၁၀)မြို့နယ်တွင် ယနေ့ နံနက်ပိုင်းမှစ၍ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်ဥပဒေအရာရှိများနှင့် ဒုတိယဥပဒေအရာရှိများက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ရာဇသတ်ကြီးဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေ/ နည်းဥပဒေများ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ/ နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ/နည်းဥပဒေများ၊ လောင်းကစားဥပဒေ/ နည်းဥပဒေများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေများအကြောင်း သိကောင်းစရာများကို (၅)ရက်ကြာ သက်ဆိုင်ရာ မြို့နယ်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။