ကချင်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး မြစ်ကြီးနားမြို့၌ ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်ပေးခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း (၃)မျိုးမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်

မြစ်ကြီးနား  ဇွန် ၂၂

          ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ကြီးမှူးဖွင့်လှစ်သည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများအဆင့်မြှင့်တင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရေး ဟိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများအား ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း(၃)မျိုး ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်အတွင်းရှိ Golden Eagle Hotel ခန်းမ၌ ကျင်းပပြုလုပ်သည်။

           သင်တန်းဆင်းပွဲတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးများကို ထင်ဟပ်ဖော်ပြပေးသည့် ကဏ္ဍဖြစ်ပါကြောင်း၊ သင်တန်း သားများအနေဖြင့် Excellent Service Begins With Excellent People  အတိုင်း ကျွမ်းကျင်မှု၊ စိတ်ဓာတ်နှင့် ဂုဏ်သိက္ခာတို့ကိုအခြေခံ၍ ကမ္ဘာ့အဆင့်မီဝန်ဆောင်မှုပေးနိုင်သော Hospitality Professionals များအဖြစ် ရပ်တည်နိုင်ကြပြီး ကချင်ပြည်နယ်၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးက ဟိုတယ်ဝန်ဆောင်မှုသင်တန်း(၃)မျိုးအနက် ဧည့်ကြိုဝန်ဆောင်မှုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး ဝန်ဆောင်မှုသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းများအတွက် သင်ကြားပေးခဲ့ကြသော သင်တန်းနည်းပြများနှင့် သင်တန်းများဖွင့်လှစ်နိုင်‌‌ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသော ဟိုတယ်လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်က သင်တန်းသား/ သင်တန်းသူ ၆၉ ဦးတို့အား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။