မြစ်ကြီးနား မေ ၁၀
၂၀၂၆-၂၀၂၇ ခုနှစ် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမည့် မိုးစပါးအပါအဝင် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယနေ့ နံနက် ၉ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးက ဒေသတွင်းဝမ်းစာဖူလုံရေး၊ စားသုံးဆီဖူလုံရေး၊ သီးထပ်စွမ်းအား တိုးမြှင့်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို ဘက်ပေါင်းစုံမှ ပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ၏ စီးပွားရေးအင်အားတောင့်တင်းစေရေးအတွက် စားနပ်ရိက္ခာဖူလုံရေးအပြင် ပြည်ပရောင်းတန်းဝင် ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး ဆန်စပါးကိုလယ်မြေအားလုံးတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသရေမြေရာသီနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်မြင့်မားသည့် မျိုးကောင်းမျိုးသန့် များကို ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို တောင်သူများထံ စဉ်ဆက်မပြတ်နည်းပညာပေးဆွေးနွေးပွဲများပြုလုပ်ပြီး လိုက်နာကျင့်သုံးစေရေး စည်းရုံးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းစိုးက ၂၀၂၆-၂၀၂၇ ခုနှစ် ပြည်နယ်၏ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသခံတောင်သူများအား မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အခြေခံလိုအပ်ချက်များအပြင် အခြားလိုအပ်သည်များကို အချိန်နှင့်တပြေးညီဖြည့်ဆည်းနိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများနှင့် ရက် (၁၀၀) အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ၂၀၂၅ – ၂၀၂၆ ခုနှစ် လယ်ယာကဏ္ဍလုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများအပေါ် ၂၀၂၆- ၂၀၂၇ ခုနှစ် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားမည့် ရှေးလုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။