ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ၊ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ကုန်သွယ် ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကွင်းဆင်းစစ်ဆေး၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မြစ်ကြီးနား  စက်တင်ဘာ ၈
          ကချင်ပြည်နယ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား (၃၈)မျိုးတွင် ပြိုင်ပွဲဝင်ဦးရေ (၁၀၇)ဦး၊ အဖွဲ့လိုက်ပြိုင်ပွဲအနေဖြင့် ကဗျာလွတ်အကပြိုင်ပွဲအတွင် အဖွဲ့(၅)ဖွဲ့ဖြင့် ပါဝင်ယှဉ် ပြိုင်သွားမည့် ပြည်နယ်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
          အဆိုပါ ပြိုင်ပွဲများအတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးရန်နောင်၊ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
          ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များသည် ရှေးနှစ်ပေါင်းများစွာကတည်းက မိမိတို့ မြန်မာလူမျိုးတို့၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ ယဉ်ကျေးမှုနှင့် လူနေမှုဘဝများကို ထင်ဟပ် ဖော်ပြသည့် အဖိုးတန်ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များပင်ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ပြိုင်ပွဲသည် ပြိုင်ပွဲတစ်ခုသာမက မိမိတို့၏ ဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းသည့်ပွဲ တစ်ခုဖြစ်သည့် အတွက် မိမိတို့ ဘိုးဘွားအစဉ်ဆက်ထိန်းသိမ်းလာခဲ့သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို အကောင်းဆုံး ကြိုးစားဖော်ထုတ်ပြသခြင်းဖြင့် မိမိတို့အမွေအနှစ်များ မကွယ်ပျောက်ရေးကို မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် အားလုံးက ဝိုင်းဝန်းကြိုးစားထိန်းသိမ်းကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
          ယင်းနောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှု‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ပြည်နယ်အဆင့်ပြိုင်ပွဲမှ ဗဟိုအဆင့်ပြိုင်ပွဲအတွက် ရွေးချယ်စေလွှတ်ယှဉ်ပြိုင်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
          ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးနှင့် ဇနီးဒေါ်နန်ဆိုင်းနှင့် တက်ရောက်လာကြသူများက ဒိုင်အဖွဲ့ဝင်များနှင့်အတူ (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပထမနေ့အဖြစ် အခြေခံ ပညာအဆင့် သက်တမ်းအလိုက် အမျိုးသမီး/ အမျိုးသား အကပြိုင်ပွဲ(၁၂)ဦး၊ အမျိုးသားအဆို (ခေတ်ဟောင်းကာလပေါ်) ပြိုင်ပွဲဝင်(၃)ဦး၊ စန္ဒရားအတီး၊ ပတ္တလားအတီးပြိုင်ပွဲနှင့် ဝါသနာရှင်အဆင့် အမျိုးသမီးမဟာဂီတ၊ အဆင့်ပညာအဆင့် အမျိုးသမီး မဟာဂီတနှင့် ခေတ်ဟောင်းကာလပေါ် ပြိုင်ပွဲဝင် စုစုပေါင်း(၂၅)ဦးတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
          ထို့အပြင် နံနက် (၇)နာရီကလည်း ကချင်ပြည်နယ်အတွင်း တစ်ဖက်တရုတ်နိုင်ငံသို့ သွင်းကုန်/ ပို့ကုန်ပစ္စည်းများ တရားဝင်တင်ပို့နိုင်‌ရေးနှင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိရေး၊ တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများ ပပျောက်စေရေးအတွက် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်း ဖွင့်လှစ်ထားသည့် မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့် အဆိုပါ ကုန်စစ်ဆေးရေးစခန်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများ လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ခြံဝင်းအတွင်း ခြံစည်းရိုးကာရံထားရှိမှု အခြေအနေများ၊ ကုန်တင်ကားယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ နားနေဆောင်တည်ဆောက်နိုင်ရေး၊ကုန်စစ်ဆေး‌ရေးစင်တည်ဆောက်မည့် အခြေအနေများနှင့် ကုန်တင်ယာဉ်များ အဝင်/အထွက်နှင့်ပတ်လမ်းများတွင် သဲကျောက်လမ်းခင်းပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွက် အရေးပါသည့် ကုန်သွယ်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အရေးကြီးသည့်လုပ်ငန်းဖြစ်သည့်အပြင် ကုန်စည်စီးဆင်းမှုနှင့် ဒေသတွင်းအခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေးအတွက် ကုန်စစ်ရေးစခန်း၌ လိုအပ်သည့် အခြေခံအဆောက်အအုံများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရေး ဌာနဆိုင်ရာများ၊ ကံပိုင်တည်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ခြံဝင်းအတွင်း မြို့နယ်စည်ပင်သာယာအဖွဲ့သန့်ရှင်းရေးဝန်ထမ်းများနှင့် ကုန်တင်ကုန်ချအဖွဲ့များက ခြံသန့်ရှင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။  
          ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများနှင့်အတူ တက်ရောက်ခဲ့ကြရာ အခမ်းအနားကို ကျောင်းသူလေးများ၏ စာတတ်မြောက်ရေးအထိမ်းအမှတ် အကအလှဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့သည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဒီဂျစ်တယ်နည်းပညာခေတ်တွင် လူသားတို့၏ သင်ယူပုံ၊ နေထိုင်ပုံ၊ အလုပ်လုပ်ပုံ၊ ဆက်သွယ်ပုံနှင့် လူမှုဆက်ဆံပုံပြောင်းလဲလာပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့် တစ်သက်တာအတွက် သင်ယူမှုရပ်ဝန်းများကို ပြန်လည်ပုံဖော်ရာတွင် ကျောင်းပညာရေး၊ ကျောင်းပြင်ပညာရေးနှင့် ကိုယ်တိုင်သင်ယူ ပညာရေးများမှ တဆင့် သင်ယူမှုအခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် စာတတ်မြောက်ရေးဆိုင်ရာ သင်ကြားရေးနှင့် သင်ယူရေးအလေ့ အကျင့်များကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ စာပေတတ်မှ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်ကို ခွဲခြားသိမြင်နိုင်ပြီး ယခုနှစ်အတွက် “ကမ္ဘာမြေနှင့် လူသားများ သာယာဝပြောဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့”  ဆောင်ပုဒ်နှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
          ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က UNESCO ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပညာရေးဝန်ကြီးဌာန၏ စာတတ်မြောက်ရေးလှုပ်ရှားဆောင်ရွက်မှု ဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာထက်၊ လယ်၊ မူအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကာ အခြေခံပညာ ကျောင်းသား/ ကျောင်းသူလေးများ၏ “တို့အင်၊ တို့အား” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။