မြစ်ကြီးနား စက်တင်ဘာ ၇
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ယူချိန်ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ကျောင်းဝင်းဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသား(၇)သင်းနှင့် အမျိုးသမီး (၁၃)သင်းတို့မှ အားကစားကစားများအား ဂုဏ်ပြုစကားပြောကြားပြီး ကျောင်းအုပ်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းအုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ဘက်စကတ်ဘောအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီး ကိုယ်ပိုင်ကျောင်းမှ ကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ကျောင်းအတွက် အမှတ်တရဓာတ်ပုံတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်အတွင်း အသစ်ဖွင့်လှစ်သည့် Petrol 79 စက်သုံးဆီအရောင်းဆိုင်ဖွင့်ပွဲသို့တက်ရောက်ပြီး တာဝန်ရှိသူများနှင့်အတူ စက်သုံးဆီအရောင်းဆိုင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်သုံးဆီများ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။






