ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ၊ ပြိုင်ပွဲအမျိုးအစား (၃၈)မျိုး၊ ပြိုင်ပွဲဝင် (၁၀၇)ဦးတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိ

မြစ်ကြီးနား စက်တင်ဘာ ၉
          ကချင်ပြည်နယ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား (၃၈)မျိုးတွင် ပြိုင်ပွဲဝင်ဦးရေ (၁၀၇)ဦး၊ အဖွဲ့လိုက်ပြိုင်ပွဲအနေဖြင့် ကဗျာလွတ်အကပြိုင်ပွဲအတွင် အဖွဲ့(၅)ဖွဲ့တို့ဖြင့် စက်တင် ဘာ ၈ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဒုတိယနေ့ကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက်ပိုင်းကစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည်။
          အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို ဗဟိုအဆင့်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ ရွေးချယ်စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယနေ့ပြိုင်ပွဲဒုတိယနေ့တွင် ဘာသာရပ်အလိုက်၊ အသက် အရွယ်အလိုက် အမျိုးသား၊ အမျိုးသမီး အခြေခံပညာအဆင့်၊ ဝါသနာရှင်အဆင့်တို့တွင် မဟာဂီတာအဆို၊ စန္ဒရားအတီး၊ အက၊ အဆို(ကာလပေါ်)၊ ဆိုင်းတီး၊ စောင်းတီး၊ ပတ္တလားအတီး၊ မယ်ဒလင်အတီး၊ ရုပ်သေးကြိုးဆွဲ၊ တယော၊ အဆို (အမျိုးဂုဏ်/ ဇာတိဂုဏ်)ပြိုင်ပွဲများတွင် ပြိုင်ပွဲဦးရေ ၆၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အကဲဖြတ်အမှတ်ပေးဒိုင် အဖွဲ့များက စိစစ်အမှတ်ပေးလျက်ရှိသည်။
          ပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက် နေ့လည်ပိုင်းတွင် ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနက် အကောင်းဆုံးဆုရပြိုင်ပွဲဝင်များနှင့် အဆင့်အတန်းပြည့်မီသည့် ပြိုင်ပွဲဝင်များအား ဗဟိုအဆင့်ပြိုင်ပွဲသို့ စေလွတ်ယှဉ်ပြိုင်နိုင်‌ရေး မြစ်ကြီးနားမြို့၌ စခန်းသွင်းလေ့ကျင့်ပြင်သွားမည်ဖြစ်ကြောင်း သိရသည်။