မြို့နယ်ပေါင်းစုံအသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုရသူ များအား ဂုဏ်ပြုဆုချီးမြှင့်၊ မြစ်ကြီးနားတက္ကသိုလ် စာကြည့်တိုက်အဆောက်အဦသစ်နှင့် Recreation Centre အဆောက်အအုံသစ်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခွဲ(ရမ်ပူ) စာသင်ဆောင်သစ်များ တည်ဆောက်နိုင်ရေး ပန္နက်ရိုက်တင်ပေး၊ လယ်ကုန်း -ဇီးလွန် ရေဝင်ပေါက်ကာကွယ်ရေးလုပ်ငန်းများနှင့် ရေကြည်ချောင်းရေထိန်းတံခါးအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား စက်တင်ဘာ ၉
          ကချင်ပြည်နယ်မှ မျိုးဆက်သစ်လူငယ်ပြေးခုန်ပစ်အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေးနိုင်ရေးအတွက် မြို့နယ်ပေါင်း(၆)မြို့မှ လူငယ်အားကစားသမားများဖြင့် ကျင်းပပြုလုပ်ခဲ့သော ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်သည်။
          ရှေးဦးစွာ ပြေးခုန်ပစ်ဆပ်ကော်မတီကကြီးမှူး၍ မီတာ ၄၀၀ ကျား/မ အပြေးပြိုင်ပွဲနှင့် လက်ဆင့်ကမ်း ကျား/မ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲများကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
          ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ပညာရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ ၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀၊ မီတာ ၃၀၀၀ ကျား/မ အပြေးပြိုင်ပွဲများ၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်များတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မီတာ ၁၀၀ ကျား/မ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အဖွဲ့များအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ရွှေ ၁၉၊ ငွေ ၁၀၊ ကြေး ၈ခု ရရှိခဲ့သော မြစ်ကြီးနားမြို့နယ် ပြေးခုန်ပစ်အသင်းအတွက် တံခွန်စိုက်ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
          ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်(၂)နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည့် ၁၆၈ ပေ၊ ၉၀ ပေ ၊ (၃)ထပ် RC တက္ကသိုလ်စာကြည့်တိုက်အဆောက်အဦသစ်နှင့် တက္ကသိုလ်အပန်းဖြေရိပ်သာ Recreation Centre (၂)ထပ် အဆောက်အအုံသစ်များ တည်ဆောက်နိုင်ရေးအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့တက်ရောက်သည်။
         ယင်းနောက် အဆောက်အအုံသစ်များ တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ မြစ်ကြီးတက္ကသိုလ်တာဝန်ခံပါမောက္ခချုပ်နှင့် အဆောက်အဦသစ်အားလည်းကောင်း ဆောက်လုပ်‌ရေးကုမ္ပဏီတာဝန်ရှိသူများက အဆောက်အဦသစ်(၂)လုံး တည်ဆောက်သွားမည့် သတ်မှတ်နေရာများအလိုက် ပန္နက်ရိုက်တင်ပေးကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ ရွှေမိုးငွေမိုးကြဲပေးခဲ့ကြသည်။
          ဆက်လက်၍ ရှင်းလင်းဆောင်၌ အဆောက်အဦများကို တာဝန်ယူတည်ဆောက်သွားမည့် ကုမ္ပဏီတာဝန်ရှိသူများက အဆောက်အဦများအား သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ဘဏ္ဍာနှစ်အလိုက်ပြီးစီးအောင် ဆောင်ရွက်သွားရမည့် လုပ်ငန်းအခြေ အနေများ၊ မြစ်ကြီးနားတက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်က အဆောက်အဦများအား အသုံးချသွားမည့် အစီအစဉ်များနှင့် သတ်မှတ်ချိန်ပြီးစီးရေးအတွက် ကြီးကြပ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
          ယင်းနောက် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ‌ကျောင်းခွဲ(ရမ်ပူ)ကျောင်းဝင်းအတွင်း ကျောင်းဆောင်သစ်လိုအပ်ချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်သွားမည့် ၁၄၀ ပေ၊ ၃၀ ပေ RCC (၃)ထပ် စာသင်ဆောင်သစ် တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်တင်ပေးကြပြီး မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ်ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်သိန်း ၃၀၀ လှူဒါန်းမှုကို လက်ခံရယူကာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ကြက်ပေါင်ခြံရပ်ကွက်အတွင်း လယ်ကုန်း-ဇီးလွန်ရေပေါက်နေရာ၌ မြစ်ရေမြင့်တက်မှုမှကာကွယ်နိုင်ရေး အလျား ၃၀၀၀ ပေအရှည် တာရိုးဖို့ကာရံခြင်းလုပ်ငန်းနှင့် ရေပေါက်နေရာအား ယာယီပိတ်ဆို့ကာရံထားနိုင်ခဲ့မှုကြောင့် ယခုနှစ် မြစ်ရေအမြင့်ဆုံးတက်ခဲ့သည့် မြစ်ရေ အမှတ် (၇၉၉) စင်တီမီတာအထိ ကာကွယ်ထိန်းသိမ်းထားနိုင်ခဲ့သည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာရိုးဖို့ ကာရံခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရေပေါက်နေရာ၌ ရေတံခါးတည်ဆောက်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး တင်ပြဆောင်ရွက်‌ရေးမှာကြားခဲ့သည်။
          ထိုမှတစ်ဆင့် ရေကြည်ချောင်းရေထိန်းတံခါးသို့ သွားရောက်ပြီး ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းမှုအပေါ် မြို့ပေါ်ရပ်ကွက်များရှိ ရေနှုတ်မြောင်းမှ ရေများအဆင်ပြေစွာစီးဆင်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပင်မရေနှုတ်မြောင်းများမှတဆင့် ရေကြည်ချောင်းအတွင်း စီးဝင်၍ ရေထုတ်ပေးသည့်နေရာဖြစ်သည့်အပြင် ဧရာဝတီမြစ်ရေ မြင့်တက်လာပါက စောလျင်စွာ ရေဝင်တတ်သည့် နေရာဖြစ်သည့်အတွက် ရေတံခါးဝ၌ အမှိုက်များ ပိတ်ဆို့မရှိစေရေး၊ အမြဲမပြတ် စောင့်ကြည့်စစ်ဆေးရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။