မြစ်ကြီးနား ဧပြီ ၁၈
ကချင်ပြည်နယ်အတွင်း လျှပ်စစ်မီးအဓိကဖြန့်ဖြူးပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ရက်သတ္တပတ် နှစ်ပတ်ခန့်ဆောင်ရွက်မည်ဖြစ်သဖြင့် အဆိုပါ ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သောကြောင့် ပြည်သူများ သောက်သုံးရေ၊ ချိုးရေလုံလောက်မှုရှိစေရေး စည်ပင်ရေပေးဝေရေးစနစ်အပြင် ရေကားများဖြင့် အရောက်ပို့ဖြန့်ဝေပေးနိုင် ရေး ယနေ့ နံနက် ၇ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သည့် ရေရရှိရေးလုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ပြည်သူများထံ အသိပေးဆောင်ရွက်ခဲ့ပြီးဖြစ် သည့်အတွက် ပြည်သူများ လျှပ်စစ်မီး အခက်အခဲ လျော့နည်းစေရေး ပြည်နယ်အစိုးရအဖွဲ့က စီမံချက် များ ရေးဆွဲဆောင်ရွက်နေပြီဖြစ်သည့်အပြင် မိမိတို့ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ များ သောက်သုံးရေ၊ ချိုးရေ လုံလောက်စွာရရှိရေး၊ ရေနှင့်ပတ်သက်သည့် အခက်အခဲတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး စည်ပင်နှင့် မီးသတ်ဦးစီးဌာနမှ ရေသည် ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ အရောက်ပို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက အဆိုပါ လျှပ်စစ်မီးပြတ်တောက်သည့်ကာလအတွင်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များရှိ ပြည်သူများ ရေလုံ လောက်မှုရှိစေရေး သက်ဆိုင်ရာမြို့ရေပေးဝေရေးစနစ်ဖြင့် ရပ်ကွက်များအလိုက် ဖြန့်ဝေပေးသွားမည့် အစီအစဉ်များနှင့် ကိုယ်ပိုင်စက်ရေတွင်း၊ လက်တူးတွင်းနှင့် လက်နှိပ်တုံကင်များ အသုံးပြု၍ ရေရယူ သုံးစွဲနေသည့် ပြည်သူများအတွက်ကိုလည်း မြစ်ကြီးနားမြို့နယ်အတွင်း စည်ပင်ရေသယ်ယာဉ် (၂)နှင့် မီးသတ်ဦးစီးဌာန ရေသယ်ယာဉ် (၅) စီး စုစုပေါင်းရေသယ်ယာဉ် (၇) စီးဖြင့် နေ့စဉ်ရေဂါလံ (၆၂၁၀၀) နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူများအတွက်ကိုလည်း စည်ပင်ရေသယ်ယာဉ် (၃) စီး၊ မီးသတ်ဦးစီးဌာနရေသယ်ယာဉ် (၁) စီး စုစုပေါင်း ရေသယ်ယာဉ် (၄) စီးဖြင့် နေ့စဉ် ရေဂါလံ (၁၆၀၀၀) အား အချိန်နှင့်တစ်ပြေးညီ ပြည်သူများထံ အရောက်ပို့စနစ်ဖြင့် ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားရှိရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ရေသယ်ယာဉ်များနှင့် ဒီဇယ်စွမ်းအင်သုံး ရေတင် မီးစက်များအတွက် စက်သုံးဆီလုံလောက်စွာရရှိရေးတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းရမည်ဖြစ်သောကြောင့် မိုးညှင်း ခရိုင်အတွင်းရှိ မြို့နယ်များရှိ မြို့များနှင့် ကျေးရွာအုပ်စုများရှိ ပြည်သူများအတွက်ကိုလည်း အလားတူ ရေသယ်ယာဉ်များဖြင့် ဖြန့်ဝေပေးနိုင်ရေး ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။