မြစ်ကြီးနား ဇွန် ၂၀
ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် မြစ်ကြီးနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများထံ စိုက်ပျိုးချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသောနှုန်းထားဖြင့် ယနေ့ နံနက်ပိုင်းကစတင်၍ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃ နေရာတွင် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ စက်သုံးဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်းရှိ ဇေယျာမင်းစက်သုံးဆီအရောင်းဆိုင်၌ တပ်ကုန်းရပ်ကွက်၊ နောင်နန်းနှင့် မန်ခိန်ရပ်ကွက်များအတွင်းရှိ တောင်သူများအတွက် တစ်ဧကအတွက် နှစ်ဂါလံနှုန်းဖြင့် တစ်လီတာလျှင်ငွေကျပ် ၄၇၆၉ ကျပ်၊ တစ်ဂါလံလျှင် ၂၁၄၆၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ စက်သုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်ရှိ TOP စက်သုံးဆီအရောင်းဆိုင်၌လည်းကောင်း၊ ရွှေပြည်သာရပ်ကွက်အတွင်းရှိ ရထိုက်တန်စက်သုံးဆီအရောင်းဆိုင်၌ လည်းကောင်း တောင်သူများ၏ စိုက်ဧကပေါင်း ၄၀၀ ဧကနီးပါး အတွက် လီတာပေါင်း ၃၆၀၀ ကျော် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး တောင်သူများ၏ လိုအပ်ချက်အရ တင်ပြတောင်းခံလာပါက နေ့စဉ်ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
