မြစ်ကြီးနား စက်တင်ဘာ ၂၅
ကျောင်းသား/ ကျောင်းသူများ စာပေဗဟုသုတဖြင့် ပြည့်စုံပြီး ဗလငါးတန်နှင့်အတူ ပညာရည်ပြည့်ဝသော လူငယ်/ လူရွယ်များ ဖြစ်စေရေးအတွက် ကချင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ၊ လူငယ်စကားဝိုင်း၊ ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပွဲတော်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနားကို မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား/ ကျောင်းသူများက ဘက်စုံပညာကိုရည် တို့လှမ်းချီ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ယခုလို ပွဲတော်များကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းစာကြည့်တိုက်များ ပြန်လည်ဖွံ့ဖြိုးရှင်သန်လာမည်ဖြစ်သကဲ့သို့ ကျောင်းသားလူငယ်များအနေဖြင့်လည်း ကာယ၊ ဥာဏ၊ စာရိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များဖြစ်လာအောင် စာဖတ်ခြင်း အလေ့အထနှင့် ဗဟုသုတရှာဖွေခြင်းစသည့် အလေ့အထကောင်းများကို ရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့မှသာ စာပေဗဟုသုတနှင့် ပြည့်စုံပြီး ပညာရည်ပြည့်ဝသော ကျောင်းသားလူငယ်များ ဖြစ်လာမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများက ပွဲတော်အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများအတွက် ကျင်းပပြုလုပ်ပေးခဲ့သော ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ထက်၊ လယ်၊ မူအဆင့်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက ဖျော်ဖြေရေးအဖွဲ့များနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတို့တွင် ဆုရရှိသူတို့ စွမ်းရည်ပြသပြောဆိုမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ပြသထားသော လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ သုတ/ ရသစာအုပ်စာစောင်ပြခန်းများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် အထူးစီစဉ်ကျင်းပပြုလုပ်ပေးသော စကားပုံဆက်၊ အရုပ်ဆက်၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် ခါးကွင်းလှည့်ပြိုင်ပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်/ စာစောင်ငှားရမ်းဖတ်ရှုမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် မွန်းလွဲပိုင်းတွင်လည်း စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။









