မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်း‌‌ကျောင်းများ၌ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲများကျင်းပ

မြစ်ကြီးနား     ဇူလိုင်  ၂၁
ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာကြွယ်ဝ၍ လူကုန်ကူးခံရခြင်း ဖြစ်ပွားမှုမရှိစေရေး လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၁ ရက်က မြစ်ကြီးနားမြို့ အမှတ် (၅) နှင့် အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်းများရှိ ခန်းမများ၌ ကျင်းပခဲ့ကြသည်။
အဆိုပါဟောပြောပွဲများတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတိယ‌ရဲမှူး ရဲနေဝင်းအောင်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုမခံရအောင် ဆောင်ရန်/ရှောင်ရန်များ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များနှင့် သက်ငယ်မုဒိမ်းမှု တာဆီးကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာသည့် ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် အာဟာရမုန့်များအား ဝေဌပေးခဲ့ကြကြောင်းသိရသည်။