မြစ်ကြီးနား ဇူလိုင် ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် မိုးညှင်းမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီက မိုးညှင်းမြို့၊ မြို့တော်ခန်းမ၌ ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ရှင်များ၊ ရပ်မိ/ ရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်းခရိုင်သည် ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုအများဆုံးနှင့် အဓိကအကျဆုံး ခရိုင်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် ထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများကို အားပေးကူညီပံ့ပိုးပေးလျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးညှင်းခရိုင်အနေဖြင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းအပြင် ထုန်ကုန်များ သမရိုးကျရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြစ်ကြီးနား – မိုးညှင်း မီးရထားခရီးစဉ်ပြေးဆွဲနိုင်ပြီဖြစ်သည့်အတွက် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်မြန်ဆန်လာပြီး တိုးတက်ထုတ်လုပ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မိုးညှင်းခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များက ဒေသထွက်ကုန် အသင့်စားစားသောက်ကုန်များအား ဂါဝရလက်ဆောင်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသည့် ရပ်မိ/ ရပ်ဖများက ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ MSME လုပ်ငန်း တိုးတက်လုပ်ဆောင်ရာတွင် ကူညီပံ့ပိုးစေလိုသည့် ကဏ္ဍများကို တင်ပြကြရာ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်းသိရသည်။

