မြစ်ကြီးနားမြို့၌ စန်ကားယာယီတိမ်းရှောင်စခန်း၌ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင် သည့် သဘာဝဘေးအန္တရာယ်များအား အသိပေးရှင်းလင်းဆွေးနွေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြစ်ကြီးနား အောက်တိုဘာ ၁၁
          အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ပြည်သူများ သိရှိလိုက်နာနိုင်ရေး၊ လူထုအသိပေးဆွေးနွေခြင်းနှင့်  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀  နာရီခွဲက မြစ်ကြီးနားမြို့ ရှိ စန်းကားယာယီတိမ်းရှောင်စခန်း၌ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ပေးသည်။
          ထိုသို့ အသိပညာပေးဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အယ်လ်နီညိုသည် မိမိတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကျရောက်လာမည်ဖြစ်သဖြင့် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးဖြစ်စဉ်များကို ပြည်နယ်အစိုးရအဖွဲ့က ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း သိရှိနားလည်ပြီး ပူးပေါင်းပါဝင်နိုင်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ ကျရောက်လာသည့် ဘေးအန္တရာယ်အပေါ် ရင်ဆိုင်တုံ့ပြန်ရာတွင်လည်း ပြည်သူ၊ အစိုးရပူးပေါင်းခြင်းအားဖြင့် ထိခိုက်မှုအနည်းဆုံးနှင့် အကောင်းဆုံးရင်ဆိုင် တုံ့ပြန်နိုင်မည်ဖြစ်ပါကြောင်း တိုက် တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အယ်လ်နီညိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ အယ်လ်နီညိုဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားဘေး၊ မြေပြိုဘေး၊ ရေဘေး၊ လေဘေး၊ မီးဘေး စသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ ကျန်းမာရေးဆိုင်ရာပြဿနာများဖြစ်ပေါ်လာနိုင်မှုအပေါ်  အလေးထားလိုက်နာနေထိုင်ရမည့် အသိပညာပေးဆွေးနွေးမှုများကို အသိပညာပေးဟောပြော ဆွေးနွေးပေးကြရာ စခန်းနေအိမ်ထောင်စုများက အယ်လ်နီညိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ သိလိုသည်များ၊ အယ်လ်နီညိုကြောင့် မိသားစုများ ရင်ဆိုင်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အဓိက ရေအရင်းအမြစ် လိုအပ်ချက်များကို တင်ပြဆွေး‌နွေးကြရာ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို   ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရေပြတ်လပ်မှုမရှိစေရေး မီးသတ်တပ်ဖွဲ့မှ ရေကားများ၊ စည်ပင်သာယာရေးအဖွဲ့က ရေကားများအား အဆင်သင့် စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ထားရှိမှုများကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် စခန်းနေမိသားစုများအား ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့်  မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားမှု၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းဘေး စသည့်တို့အပေါ် ကြိုတင်ပြင်ဆင် သိရှိလိုက်နာရမည့် အချက်အလက်များ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ကြကြောင်း သိရသည်။