အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်ရေးနှင့် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား အောက်တိုဘာ ၉
          ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလအတွင်းက ပြိုင်ပွဲဝင်အသင်းပေါင်း (၃၄)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ယနေ့ နံနက် ၈ နာရီခွဲက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
          ရှေးဦစွာ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် နောင်ရာအသင်းနှင့် ရွှေနံ့သာအသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က ဒေသခံဖူဆယ်ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးကြရာ နောင်ရာအသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
          ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး ဂိုးသမားအကောင်းဆုံးဆု/ အကောင်းဆုံးကစားသမားဆုရရှိသူ များအား ဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ တတိယဆုရအသင်းများနှင့် ဒုတိယဆုရအသင်းများအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။
          ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရအမျိုးသမီး အသင်းအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ အမျိုးသားအသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်သည်။
          နံနက်(၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားမည့်အပေါ် ကချင်ပြည်နယ်အတွင်း ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။
          ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူရှိန်မြင့်တက်မှုကြောင့် တောမီးလောင်ခြင်း၊ မိုးခေါင်ရေရှားမှုကြောင့် စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ သောက်သုံးရေ ရှားပါးခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်လေ့လာသုံးသပ်၍ လိုအပ်သည့်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ဖြစ်ပွားပြီးမှ တုံ့ပြန်ဆောင်ရွက်ခြင်းထက် ကြိုတင်ခန့်မှန်းခြင်း၊ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရေးတို့သည် အရေးကြီးသဖြင့် သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းတာဝန်များအလိုက် ကြိုတင်ပြင်ဆင်ရေးဆွဲထားကြရန်နှင့် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌများက အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအပေါ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သင်တန်းများ၊ အသိပညာပေးဟောပြောပွဲများ၊ လှုံ့ဆော်အသိပေးမည့် အစီအစဉ်များ၊ စကားဝိုင်းများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ၊ ဘေးအန္တရာယ်ဖြစ်ပွားပါက ဘေးလွတ်ရာရှာဖွေ ကယ်ဆယ်ခြင်း၊ အရေးပေါ်ထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ထိခိုက်လွယ်သော အသက်အုပ်စုအလိုက် ကာကွယ်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ အပူရှောင်စခန်းများ ဖွင့်လှစ်ရန် လျာထားသည့် အစီအစဉ်များ၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းလျော့ကျမှုမရှိစေရေး၊ စိုက်ပျိုးရေ သိုလှောင်ဖြန့်ဖြူးနိုင် ရန် စီစဉ်ထားရှိမှုများ၊ မိုးခေါင်ရေရှားမှုအတွက် သောက်သုံးရေ၊ ချိုးရေ ပြတ်လပ်မှုမရှိစေရန် ကျေးရွာများအရောက် ဖြန့်ဝေသွားမည့် အစီအစဉ်များနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
          ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိမ်းရှောင်မိသားစုများကို ထည့်သွင်းစီစဉ်ပေးနိုင်ရေး၊ဆောင်းသီးထပ်သီးနှံများ အထွက်နှုန်းလျော့နည်းကျဆင်းမှု မရှိစေရေး အလေးအနက်ထားစီစဉ်ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
          ထို့အတူ အဆိုပါ ခန်းမ၌ ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူ ရေးကဏ္ဍတိုးတက်မြင့်မားလာစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆)ကို ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဒေသတွင်း ဝမ်းစာနှင့် ဆီဖူလုံမှုရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စပါးနှင့် ဆီမုန်ညှင်း မျိုးစေ့များ အခမဲ့ဖြန့်ဖြူးပေးအပ်နိုင်မှုအခြေအနေများ၊ ဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေ အနေများ၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးအတွက် ဒေသတွင်း တိရစ္ဆာန် အစာစပ် စက်ရုံနှင့် ကြက်ဥဖောက်စက်များ တည်ထောင်ဆောက်လုပ်လျက်ရှိသည့် အခြေအနေများ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ချေးငွေများ၊ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ကို သက်ဆိုင်ရာကဏ္ဍများအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကဏ္ဍအလိုက် လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။