မြစ်ကြီးနားမြို့၌ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ လူထုအသိပညာပေး လက်ကမ်းစာ စောင်များ ဖြန့်ဝေ

မြစ်ကြီးနား အောက်တိုဘာ ၁၀
          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ပြည်သူများ သိရှိလိုက်နာနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ်  လူထုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အောင်ဆန်းလမ်းနှင့် ခရေလမ်းဒေါင့် လူထုအခြေပြုဗဟိုဌာန (မြစ်ကြီးနား)ရှေ့၌ လမ်းသွား/ လမ်းလာ ပြည်သူများအား ဖြန့်ဝေကြသည်။
          ထိုသို့ အသိပညာပေးလက်ကမ်းစာစောင်များကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (မြစ်ကြီးနား)ရှေ့မှ အောင်ဆန်းလမ်းတစ်လျှောက် လမ်းသွား/ လမ်းလာများအားလည်းကောင်း၊ ခရေလမ်းတစ် လျှောက်နှင့် ဈေးကြီးလမ်းတစ်လျှောက်တို့၌ ဈေးဝယ်ရန် လာရောက်ကြသည့် ပြည်သူများအားလည်းကောင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ထုတ်ဝေထားသည့် ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားမှု၊ လျှပ်စီး လက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းဘေးစသည့်တို့အပေါ် ကြိုတင်ပြင်ဆင် သိရှိလိုက်နာရ မည့် အချက်အလက်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်မျးကို ဖြန့်ဝေပေးအပ်ကြသည်။
          ထို့နောက် မြစ်ကြီးနားမြို့ ရွှေပြည်စံခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ စတုတ္ထအကြိမ်မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လာစေရန် အားပေးခဲ့သည့်အတွက် ကချင်တိုင်းရင်းသားလုပ်ငန်း များ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို တည်ထောင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ယခုအခါ အစုရှယ်ယာဝင် ၄၂၀ ဦးပါဝင်ဖွဲ့စည်းလာနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ ဥပဒေနှင့်အညီ အားပေးခဲ့သည့် အများပိုင်ကုမ္ပဏီအား မိမိတို့အနေဖြင့်လည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အားပေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
          ထို့နောက် အဆိုပါ အများပိုင်ကုမ္ပဏီ အစုရှယ်ယာဝင်များ၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ၊ အများနှင့်သက်ဆိုင်သော ဒါရိုက်တာနှင့် အဖွဲ့ဝင်များအား မိတ်ဆက်ပေးကြပြီး ယာယီဥက္ကဋ္ဌ ဦးအားဖူရီလီမီက ကြိုဆိုနှုတ်ခွန်းဆက် စကားနှင့် ၂၀၂၄-၂၀၂၅ ၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဒါရိုက်တာဘုတ်အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဒေသလုံခြုံရေး အခြေအနေအရ ကုမ္ပဏီပိုင် ပစ္စည်းများထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေများ ရှင်းလင်းခြင်းနှင့် နှစ်ပတ်လည်ဘဏ္ဍာရေး စာရင်းများ ရှင်းလင်းခြင်း၊ စာရင်းစစ်အစီရင်ခံတင်ပြခြင်းနှင့် အမှုဆောင်ဒါရိုက်တာများ ခန့်အပ်ခြင်း၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအသစ်များ ရွေးချယ်တာဝန်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။