မြစ်ကြီးနားမြို့ (၃၁) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကျင်းပ

မြစ်ကြီးနား  မေ ၈

မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်သာသနာ့ဗိမာန် တော်၌ (၃၁)ကြိမ်မြောက် ရှစ်ရက်တိုင်တိုင် နေ/ ညအသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီကကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်‌ ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြစ်ကြီးနားမြို့၊ ခေမာသီဝံကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ (အဘိဓဇမဟာဍဋ္ဌဂုရု) ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ကြသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် အတွင်းရေးမှူးတို့က နာယကဆရာတော်ဘာဏက သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်း ဦးစီးပဓာနနာယက ဘဒ္ဒန္တကေတုမာလာ(အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာယူခဲ့ကြကာ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အမျှပေးဝေခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များက ဖိတ်ကြားထားသော နတ်ဗြဟ္မာများအား နေရာဘုံဌာနအသီးသီးသို့ ပြန်လည်ပို့ဆောင်ခြင်းနှင့် ပဋ္ဌာန်းပြီးဆုံးနိဂုံးဂါထာဖြင့် ပူဇော်ခဲ့ကြပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းလိုက်ကြသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ စေတနာ့အလှူရှင်များက စေတီတော်ရင်ပြင်၌ ဘုရားအမှူးပြုသော ဆရာတော်သံဃာတော်များ၊ ရဟန်း၊ သာမဏေများ၊ သီလရှင်ဆရာကြီးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။