မြစ်ကြီးနားမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြစ်ကြီးနား  မေ  ၈

“ညီညွတ်မှုအားနဲ့ တို့ကူညီ လူသားချင်းစာနာတဲ့ ကြက်ခြေနီ ” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပရာ ပြည်နယ်ကြက်ခြေနီမောင်မယ်များက “အများအတွက် ကြက်ခြေနီ” တေးသီချင်းဖြင့် အခမ်း အနားကို သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် “ဆင်းရဲ့ဒုက္ခနည်းပါးသက်သာစေရန်” ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ လူမှုဂရုဏာလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ခေတ်အဆက်ဆက်တွင် ပြည်သူ၏အကျိုးကိုစဉ်ဆက်မပြတ် သယ်ပိုးဆောင်ရွက်နိုင်ခဲ့သည့် မွန်မြတ်သည့် အသင်းကြီးတစ်သင်းအဖြစ်ရပ်တည်လာနိုင်ခဲ့သောကြောင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သို့ဖြစ်ပါ၍ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာခံ ကူညီဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်တာကြောင့် အကျိုးခံစားခွင့်ရှိသူများကို ကူညီသည့်နေရာမှာ ကြက်ခြေနီလူမှုဂရုဏာစိတ်ဓါတ်အပြည့်အဝဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ လူမှုဒုက္ခကျရောက်နေသူများအား ကူညီစောင့်ရှောက်ပေးသည့် လုပ်ငန်းများကို ရည်ရွယ်ချက်တူညီသော အခြားစေတနာရှင် လူမှုဂရုဏာအဖွဲ့အစည်းများနှင့်အတူ စည်းလုံးညီညွတ်စွာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ယနေ့အခမ်းအနား ဆောင်ပုဒ်နှင့်အညီ လူသားချင်းစာနာထောက်ထား မှုစိတ်ဓာတ်ကိုအရင်းခံကာ လူမှုဂရုဏာလုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြား သည်။

ထို့နောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွှန့်ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးက ဖတ်ကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့လာသည့် ဂုဏ်ပြုဗီဒီယိုကလစ်အား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ပြည်နယ်/ခရိုင်/မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် လူမှုကူညီရေးအသင်းအဖွဲ့အသီးသီးမှ စေတနာလုပ်အားရှင်များက စုပေါင်းသွေးလှူဒါန်းနေမှုများအား လှည့်ကြည့်ရှုအားပေးခဲ့ကြပြီး အာဟာရဖြည့်အစာစာများနှင့် အားဖြည့်အချိုရည်များကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။