ကချင်ပြည်နယ်ဝန်ကြီးချုပ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများသို့ တက်ရောက်အားပေးချီးမြှင့်၊ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတက်နေ့အား ရိုးရာအစဉ် အလာနှင့်အညီအေးချမ်းစွာကျင်းပပြုလုပ်

မြစ်ကြီးနား ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း (၁)ရက်နေ့တွင် နှစ်စဉ်မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ကျင်းပမြဲဖြစ်သည့် ကုသိုလ်ကောင်းမှုပြုသည့်အခမ်းအနားများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့၌ ယနေ့ နံနက်ပိုင်းတွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ကန်တော့ပွဲ၊ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်‌မှုစောင့်‌ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဝတ်အသင်းအဖွဲ့များနှင့်အတူ ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်းကောင်ရေ (၂)သိန်းနှင့် ငါးခုံးမကြီးကောင်ရေ (၁) သိန်းတို့အား ဇီဝိတဒါနအဖြစ် ဆုတောင်းမေတ္တာပို့သ၍ လွှတ်ပေးခဲ့ကြသည်။

ထို့နောက်မြစ်ကြီးနားမြို့၊ ပြည်သူအားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည့် မြန်မာနှစ်ဆန်း (၁)ရက်နေ့ သက်ကြီးဘိုးဘွားပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဘိုး/ဘွားများအား အာဟာရဒါနပြုဧည့်ခံကျွေးမွေးပေးကြပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဘိုး/ဘွားများအား ကုသိုလ်ဒါနပြုသည့်အနေဖြင့် မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ လက်သည်း/ခြေသည်းများ ညှပ်ပေးနေမှု၊ ခြေလက်များဆေးကြောပေးခြင်းစသည့် ကုသိုလ်ဒါနပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများကဘိုးဘွား များအား လိုက်လံဂါဝရပြုနှုတ်ဆက်အားပေးခဲ့ကြကာ အတာရေအေးကို အမွှေးနံ့သာရည် သပြေခက်ဖြင့် ရေကုသိုလ်ပြု လိုက်လံပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်၍ သက်ကြီးပူဇော်ပွဲအခမ်းအနားကို မိုးလုံလေလုံအားကစားခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား (၁၀၀)ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဘိုးဘွားများအား ပြည်နယ်အစိုးရအဖွဲ့က အဘိုးအဘွားများတစ်ဦးလျှင် ငွေကျပ် (၁)သိန်းခွဲတန်ဖိုးရှိ လက်ဆောင်ပစ္စည်းများနှင့် အလှူငွေများကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမိသားစုက အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ ခွဲနှုန်းကိုလည်းကောင်း၊ အလှူရှင်များကလည်း အလှူငွေများနှင့် လက်ဆောင်ပစ္စည်းများကို လည်းကောင်း ဂါဝရပြုပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးတစ်ဦး၏ ဆုမွန်ကောင်းတောင်း၍ ဆုံးမသြဝါဒစကား ပြန်လည်ပြောကြားမှုကို နာယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ မြန်မာနှစ်ဆန်း (၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး နန်းကွေ့ကျေးရွာ၊ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဒ္ဒန္တဟိတေသိတအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြကာ ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော်/သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ဓမ္မရက္ခိတဝန်သိုကျောင်းတိုက် ပဌာနနာယကဆရာ တော်ထံမှ အနုမောဒနာတရားတော်နာယူခဲ့ကြကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့ဆုတောင်း၍ ရုတ်သိမ်းလိုက်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ မြန်မာနှစ်ဆန်း(၁) ရက်နေ့ ပြည်နယ်စေတနာ့သွေးသန့်သွေးလှူရှင်အသင်းနှင့် ဒေသတွင်းစေတနာ့သွေးသန့်သွေးလှူရှင်များ ပူးပေါင်းကျင်းပသော သွေးလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် သွေးလှူဒါန်းပေးနေကြသော အလှူရှင်များကို လိုက်လံနှုတ်ဆက်အားပေးကာ အာဟာရဖြည့်စွက် အစားအစာများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြပြီး သွေးလှူရှင်အသင်းအတွက် ချီးမြှင့်ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို လည်းကောင်း၊ သွေးလှူဒါန်းမှု အကြိမ်ရေ (၁၀၀)နှင့် အထက်သွေးလှူရှင်များနှင့် အကြိမ်ရေ (၅၀)နှင့် အထက် သွေးလှူရှင်များအား ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။