ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေဘေးရှာဖွေကယ်ဆယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ ၍ လေ့ကျင့်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ဘောလုံး အကယ်ဒမီသို့ သွားရောက်ကြမည့် လူငယ်မျိုးဆက်သစ်အားကစားသမားများအား ကြည့်ရှုအားပေးထောက်ပံ့၊ နွေရာသီကာလ မူ၊ လယ်၊ ထက်အဆင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား   မေ ၁၀

         နှစ်စဉ် မိုးရာသီရောက်တိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့လေ့ရှိရာ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ရေဘေးအန္တရာယ်အတွက် ရင်ဆိုင်တုံ့ပြန်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်စုဖွဲ့လေ့ကျင့်ဆောင် ရွက်ခြင်းကို မေ ၁၀ ရက်  နံနက် ၈ နာရီက မြို့တွင်း နေရာ(၄)နေရာ သတ်မှတ်၍ ကြိုတင်စုဖွဲ့ဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့ စုဖွဲ့‌ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်နှင့်သီတာရပ်ကွက်အကြားရှိ စီတာပူတံတား၌ မီးသတ်တပ်ဖွဲ့ဝင်များဦးစီးသည့် ဌာနဆိုင်ရာ များ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်များပါဝင်သည့် ရေ ဘေးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့စု (၁) အဖြစ် စုဖွဲ့၍ လူအင်အား၊ စက်/ယာဉ်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ကွပ်ကဲမှုရုံးများ ဖွင့်လှစ် ၍ ကြိုတင်လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧရာဝတီမြစ်ရေ စံချိန်တင် ကြီးမြင့်မှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် အားနည်းချက်/ အားသာချက်များကိုသုံးသပ်၍ ယနေ့ မိုးမကျမီ ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ပြင်ဆင်ဆောင်ရွက်ထားနိုင်မှသာ ရေဘေးဖြင့် ရင်ဆိုင်ကြုံတွေ့လာရပါက အချိန်နှင့်တစ်ပြေးညီ စနစ်တကျဖြင့် ပြည်သူများ ကယ်ဆယ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် တက်ကြွစွာပူးပေါင်း ပါဝင်ကြသည့် အစုအဖွဲ့များအား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း တိုက်တွန်းအားပေး ပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေဘေးကယ်ဆယ်ရေးစုရပ်နေရာ (၂) အဖြစ် ကျွန်းပင်သာဆိပ်ကမ်း၌ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့စု (၂)အဖြစ် လူအင်အား၊ စက်/ယာဉ် အင်အား၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများဖြင့် စုဖွဲ့၍ ရေဘေးရှာဖွေကယ်ဆယ်ရေးမှုကွပ်ကဲမှုရုံး ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု၊ ယာယီ Camp တဲများ ဆောက်လုပ်ထားရှိမှုများကို လည်းကောင်း၊ ရေဘေးကယ်ဆယ်ရေးစုရပ်နေရာ (၃) အဖြစ် လယ်ကုန်းရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်အကြား နှစ်စဉ်မိုးရွာသွန်းပြီး ရေကြီးနစ်မြှုပ်လေ့ရှိသည့်နေရာဖြစ်သည့် အောင်တံတားနေရာ၌ ရေဘေးရှာဖွေ ကယ်ဆယ်ရေးတပ်စု (၃)အဖြစ် စနစ်တကျ စုဖွဲ့လေ့ကျင့်နေမှုများကို လည်းကောင်း၊ ထိုမှတစ်ဆင့် ရေဘေးကယ်ဆယ်ရေးစုရပ်နေရာ (၄)အဖြစ် လယ်ကုန်းရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်အကြား မနောဥပိန်တံတားနေရာတွင်လည်းကောင်း ရှာဖွေကယ်ဆယ်ရေးတပ်စု (၄)အဖြစ် စနစ်တကျစုဖွဲ့ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တပ်ဖွဲ့စုများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ ရပ်ကွက်များသည့် မြေနိမ့်နေရာများဖြစ် သည့်အပြင် မူလဖြစ်ပေါ်လျက်ရှိသည့် ရေဝင်မြောင်းများအတွင်း နေအိမ်ဆောက်လုပ်မှု ကျူးကျော်မှုများမရှိစေရေးနှင့်ကူညီကယ်ဆယ်ရေးယာဉ်များ အလွယ်တကူဝင်/ထွက်သွားလာနိုင်အောင် ပြင်ဆင်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက် (၇)နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ရွေးချယ်ခံခဲ့ရပြီး ရန်ကုန်ဒေသကြီးဘောလုံးအကယ်ဒမီသို့ သွား ရောက်ကြမည့် လူငယ်မျိုးဆက်သစ် ဘောလုံးကစားသမားများအား ပြည်နယ်ဘောလုံးကွင်းအတွင်း ပြည်နယ်/ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နည်းပြများက ခြေစမ်းလေ့ကျင့်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဘောလုံးကစားသမား(၃၇)ဦးတို့အတွက် ထောက်ပံ့ ငွေကျပ်သိန်း (၂၀)နှင့် နည်းပြများအတွက် ချီးမြှင့်ငွေများကို လည်းကောင်း၊ အဆိုပါကွင်းအတွင်း ၂၀၂၅ ခုနျစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများအတွက် ပြည်နယ်လက်ရွေးစင်များ စိစစ်ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် ပြေးခုန်ပစ်အားကစားသမားများနှင့် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်း၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြကာ နည်းပြများအတွက် ချီးမြှင့်ငွေများနှင့် အားက စားသမားများအတွက် အဟာရကြေးအဖြစ် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်ခဲ့သော နွေရာသီကာလ ၂၄-၃-၂၀၂၅ ရက်နေ့မှ ၉-၅-၂၀၂၅ ရက်နေ့အထိ မူ၊ လယ်၊ ထက် အဆင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲသို့ တက်ရောက်ရာ သင်တန်းဆင်း Basic Level သင်တန်းသား/သင်တန်းသူလေးများအား အင်္ဂလိပ်တေးသီချင်းဖြင့် သရုပ် ပြဖျော်ဖြေသီဆိုကြသည်။

          အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို နွေရာသီကာလတွင် ဝန်ထမ်းသားသမီး၊ မိသားစုဝင်များအတွက် အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်ပေးခြင်းကြောင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်လာပြီး စိတ်ပါဝင်စားမှု ပိုမိုရရှိလာကာ သင်ယူလိုစိတ်များ တိုးတက်ဖြစ်ပေါ်လာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းအားအောင်မြင်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဆွေက အင်္ဂလိပ်စာသင်တန်းအတွက် သင်ကြားပို့ချပေးခဲ့ကြသော မြစ်ကြီးနားတက္က သိုလ်ဆရာ၊ ဆရာမများအတွက် အမှတ်တရလက်ဆောင်နှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပြီး Basic Level သင်တန်းသား/သင်တန်းသူများက English Speaking Skill စွမ်းရည်ဖြင့် မိတ်ဆက်ပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သင်တန်းအဆင့်အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော သင်တန်းသား/သင်တန်းသူများအတွက် ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။