(၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြစ်ကြီးနားကုတင်-၅၀၀ ဆံ့ဆေးရုံဝင်းအတွင်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

 
မြစ်ကြီးနား  အောက်တိုဘာ ၃၁
          (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ခရိုင်/ မြို့နယ်/ မြို့ရုံးဝန်ထမ်းများ စုပေါင်း၍ ယနေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ ဆေးရုံဝင်းအတွင်း ပြည်သူ့အကျိုးပြုသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ပေးကြသည်။
          ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆေးရုံဝင်းအတွင်း သုံးထပ် လူနာဆောင် နှင့် ကလေးကုသဆောင်ဘေးရှိ နေရာများတွင် လုပ်ကွက်များခွဲ၍ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင် ဦးဆောင်သော ပြည်နယ်ရုံးဝန်ထမ်းများ၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်ရုံးများမှ အရာထမ်း/ အမှုထမ်း အင်အား ၆၀၀ နီးပါးခန့်တို့၏ အမှိုက်များကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ဆယ်ယူခြင်းနှင့် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်းတို့ကို ပါဝင်ဆောင်ရွက်ပေးကြပြီး ဝန်ထမ်းများအတွက် နံနက်စာကောက်ညှင်းပေါင်း၊ မုန့်နှင့် အချိုရည်ဘူးများကို ပေးကြကြောင်း သိရသည်။