မြစ်ကြီးနား ဇွန် ၁၃
ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းသား/သမီးများအား ပညာသင်စာရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၃ ရက် ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့များသည် ပြည်နယ်အစိုးရအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်သည့် အဖွဲ့ အစည်းဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ပြည်နယ်အတွင်းနယ်မြေအခြေအနေအရ မြို့နယ်/ မြို့ ရုံးများမှ မြစ်ကြီးနားမြို့တွင် ယာယီလာရောက်တွဲဖက်တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ဝန်ထမ်းသား/ သမီးများအတွက် လည်းကောင်း၊ ထို့အပြင် ပြည်နယ်ရုံးနှင့် မြစ်ကြီးနားမြို့နယ် ရုံးများမှ အရာထမ်း/အမှုထမ်းများ၏ ဝန်ထမ်းသား/ သမီးများအတွက် ပညာစာရိတ်များကို လည်းကောင်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းက ခရိုင်များအလိုက် မြို့နယ်/ မြို့ရုံးများမှ နယ်မြေအခြေအနေအရ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ရခြင်းကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက နယ်မြေအခြေအရ မြစ်ကြီးနားမြို့တွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း(၁၀၁)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၅၀၅၀၀ ၀၀)ကို လည်းကောင်း၊ ဝန်ထမ်းသားသမီး (၂၈၂)ဦးတို့အတွက် ပညာသင်စရိတ်အဖြစ် ထောက်ပံ့ငွေကျပ် (၈၁၁၀၀၀၀)ကို လည်းကောင်း၊ ဝန်ထမ်းသားသမီးများအား ငွေကျပ် (၂၀၅၃၅၀၀၀)တန်ဖိုး ရှိ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ထီးနှင့် ရေဗူးများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးသည် အထပ်မြင့်အဆောက်အဦစိစစ်ကြီးကြပ်ရေးအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ တည်ဆောက်ဆဲအထပ်မြင့်အဆောက်အဦများနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ရှေးဦးစွာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမကြီးပေါ်တွင် တည်ဆောက်ဆဲဖြစ်သည့် (၄) ထပ် အထပ်မြင့်အဆောက်အဦအားလည်းကောင်း၊ ရွှေစက်-မန်ခိန်သွားလမ်းပေါ်ရှိ တည်ဆောက်လျက်ရှိ သော (၄)ထပ်ခွဲ အထပ်မြင့် အဆောက်အဦအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆောက်အဦများနှင့် စပ်လျဉ်း၍ ငလျင်ဒဏ်ခံနိုင်ခြင်း ရှိ/ မရှိ အင်ဂျင်နီယာစံနှုန်းများနှင့်အညီ နည်းလမ်းများ အသုံးပြု၍ စစ်ဆေးခြင်း၊ သက်ဆိုင်ရာစံနှုန်းများနှင့် ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ အမြင်အရစစ်ဆေးမှု၊ ဖွဲ့စည်းပုံအခြေခံစစ်ဆေးခြင်း၊ သံ၊ ကွန်ကရစ်ပစ္စည်းများအား စမ်းသပ်မှုများဖြင့် စစ်ဆေးခြင်း၊ ငလျင်လှုပ်ခတ်မှု ပြင်းအားသတ်မှတ်ချက် ရစ်(ခ်)တာစကေး မည်မျှခံနိုင်ရည်ရှိကြောင်း စသည့်စံနှုန်းသတ်မှတ်ချက်များနှင့်အညီ စစ်ဆေးခဲ့ကြကြောင်း သိရသည်။




