၂၀၂၆ ခုနှစ်၊ အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ပေး၊ “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မြစ်ကြီးနား  စက်တင်ဘာ ၂၈
          ၂၀၂၆ ခုနှစ် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ် ကလပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဖူဆယ်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဒေသတွင်းရှိ ဖူဆယ်ကလပ်အသင်းပေါင်း (၃၄) သင်းတို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းက အဆိုပါ ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
          ဖွင့်ပွဲအခမ်းအနားအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ ဖူဆယ်အားကစားနည်း အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် ရည် ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး လူငယ်အားကစားသမားများအနေဖြင့် ယနေ့ပြိုင်ပွဲမှတစ်ဆင့် အောင်မြင်သည့် အားကစားသမားများဖြစ်လာအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် ဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးကြောင်း ပြောကြားသည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကလပ်အသီးသီးမှ အမျိုးသားအသင်း (၂၆)သင်းနှင့် အမျိုးသမီးအသင်း (၈)သင်းတို့မှ နည်းပြ၊ အုပ်ချုပ်သူနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
ထို့နောက် သရုပ်ပြဖျော်ဖြေရေးအဖွဲ့များ၏ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် ချီးမြှင့်ထောက်ပံ့ငွေများနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကိုလည်းကောင်း၊ ကချင်ပြည် နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြိုင်ပွဲအတွက်ချီးမြှင့်ငွေ ကျပ်သိန်း ၂၀ အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြက အဖွင့်ပွဲစဉ်အဖြစ် နောင်ရာအသင်းနှင့် အောင်မြင်သူအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးကြသည်။
ထို့နောက် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကုန်သည်/ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ကချင်ပြည်နယ်အနေဖြင့် လမ်းညွှန်ချက်များနှင့်အညီ တစ်ဧကအထွက်နှုန်းမြင့်မားရေးမှတစ်ဆင့် ထုတ်ကုန်တိုးတက်လာစေရေး၊ တိုးတက်လာသည့် ထုတ်ကုန်မှတစ်ဆင့် အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင် တင်ပို့ရောင်းချနိုင်သည်အထိ မိမိတို့အားလုံးက စည်းစည်းလုံးလုံး ကဏ္ဍတစ်ခုခြင်းစီကို အချိတ်အဆက်မိမိဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားကြောင်းသိရသည်။