ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြည်နယ်လက်ရွေးစင်အသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား  ဇူလိုင် ၄

         ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အခြေခံပညာဦးစီးဌာနကဦးဆောင်ကျင်းပသော အခြေခံပညာအထက်တန်းအဆင့်၊ လယ်တန်းအဆင့်နှင့်မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီးပြိုင်ပွဲကို မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာ အထက်တန်း၊ ရွှေသွေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြည်နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက အဆိုပါကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၇၈)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့ပေါ် အခြေခံပညာကျောင်းများမှ အထက် တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်ချီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေကြသည့် ကျောင်း သား/ ကျောင်းသူများအား လှည်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ယနေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော ပြည်နယ်လက်ရွေးစင် တိုက်ကွမ်ဒိုအသင်းအား အခမ်းအနားဖြင့် ဂုဏ်ပြုသည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနည်းအလိုက် ယနေ့အချိန်ထိ ပြိုင်ပွဲအသီးသီးတွင် ဆုတံဆိပ်များရယူနိုင်ခဲ့သဖြင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးပြီးလျှင် နံပါတ် ၃ နေရာတွင် ရပ်တည်လျက်ရှိသည့်အတွက် အားကစားဆပ်ကော်မတီအသီးသီးနှင့် အားကစားသမားများအားလုံးကို အထူးပင်ဂုဏ်ပြုပါကြောင်း၊ ယနေ့ တိုက်ကွမ်ဒိုအသင်းအနေဖြင့်လည်း ငွေတံဆိပ် (၄)ခုနှင့် ကြေးတံဆိပ် (၄) ခုရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါကြောင်းနှင့် လာမည့်ပြိုင်ပွဲများတွင် ယခုထက်ပိုမို ဆုတံဆိပ်များရရှိနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် လက်ရွေးစင်တိုက်ကွမ်ဒိုအသင်းနည်းပြက ပြိုင်ပွဲအတွေ့အကြုံများနှင့် ဆုတံဆိပ်ရရှိခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆုများရရှိခဲ့သော လက်ရွေးစင်တိုက်ကွမ်ဒိုအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၀၃ သိန်းနှင့် အုပ်ချုပ်သူ၊ နည်းပြများအပါအဝင် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင် များက ချီးမြှင့်ငွေများကို လည်းကောင်း စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၇၆ သိန်းကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ လက်ရွေးစင်အသင်း အုပ်ချုပ်သူက ကျေးဇူးတင်စကားပြောကြား သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက လက်ရွေးစင်အသင်း အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။