ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ဖွင့်လှစ်ပေးသော အခြေခံစက်ချုပ်သင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး၊ နမ္မတီးမြို့ရှိ ယာယီတိမ်း‌ရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

မြစ်ကြီးနား   သြဂုတ် ၁၃

         ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကပံ့ပိုးမှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ် သည်။

          အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်းကိုရေးဆွဲ၍ မူဝါဒများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် တတ်နိုင်သည့် ရင်းနှီးမြှပ်နှံမှုပမာဏငွေဖြင့် အသေးစားလုပ်ငန်းများလုပ်ကိုင်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများတွင် အမျိုးသမီးများ ယခင်ကထက်ပိုမိုပါဝင်လာနိုင်ရေးနှင့် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပြီး သင်ကြားတတ်မြောက်ထားသည့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှုများဖြင့် အလုပ်အကိုင်ရရှိပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများမှ တစ်ဆင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်ရေးအတွက် ယခုလိုအခြေခံစက်ချုပ်သင်တန်းကို ဝိုင်းဝန်းပူးပေါင်းဖွင့်လှစ်ပေးခြင်းပင်ဖြစ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ်ပြသသည့်ဗီဒီယိုကလစ်အား  ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တိုင်းရင်းသားအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာဒေသအတွင်း ဆင်းရဲမှုလျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိရေးနှင့်အမျိုးသမီးများဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ရေး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ခန်းမအပြင်၌ ပြသထားသည့် အခြေခံစက်ချုပ်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများနှင့် လက်မှုထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့မှ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ သွားရောက်ပြီး နမ္မတီးမြို့တော်ခန်းမ၌ မိုးကောင်းမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီနှင့်အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားသို့ တက်ရောက်သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ယာယီတိမ်းရှောင်ပြည်သူမိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး နေအိမ်များတည်ဆောက်ပေးခြင်း၊ စားသောက်ကုန်များထောက်ပံ့ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မိသားစုများ၏ ကျန်းမာရေးအတွက် အခမဲ့စောင့်ရှောက်ပေးခြင်းကိုလည်း အတတ်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နေရပ်ပြန်နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မိုးကောင်းမြို့နှင့် နမ္မတီးမြို့များတွင် ထပ်မံတိမ်းရှောင်လာသော အိမ်ထောင်စု (၁၂၇)စုတို့အတွက် ဆန်အိတ် (၁၂၇)အိတ်၊ ဆီ (၁၂၇)ပိဿာ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်ဖာများ၊ အိမ်ထောင်စုများမှ ကျောင်းသားကလေးများအတွက် ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ဘောပင်၊ ပေတံစသည့် ကျောင်းသုံးပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာကြသည့် မိသားစုများအတွက် မုန့်နှင့် ရေသန့်ဘူးများကို လိုက်လံကျွေးမွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ အိမ်ထောင်စု များအတွက် အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးခြင်းနှင့် ဆေးဝါးများအခမဲ့ပေးခြင်းလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့အတွက် လည်းကောင်း၊ မြို့တော်ခန်းမအခမ်းအနားတွင် ပါဝင်ခဲ့ကြသောဘင်ခရာအဖွဲ့၊ ဂျိမ်းဖော၊ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့လှရပ်ကွက် ကြံစက်ဝင်းအတွင်းရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ ယာယီတိမ်းရှောင်းစခန်း၌ မိခင်များအဖွဲ့များမှ ကလေးငယ်များအတွက် အာဟာရကျွေးမွေးခြင်းအစီအစဉ် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ပေးမှုဖြင့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းများမှ ကိုယ်တိုင်ထုတ်လုပ်ထားသော အသင့်စား စားသောက်ကုန်များနှင့် ဆပ်ပြာရည်ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူအားပေးခဲ့ကြပြီး စခန်းအတွင်းရှိကလေးထိန်းကျောင်း၌ ကလေးငယ်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် နမ္မတီးမြို့ မြို့သာယာရပ်ကွက် ကြံစက်ဝင်းအတွင်းရှိ စိန့်ထရေဇားယာယီတိမ်း ရှောင်စခန်းသို့ သွားရောက်ပြီး မိသားစုများ နေထိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ယာယီနေအိမ်တန်းလျားများအတွင်း မိုးတွင်းရေဝပ်မှုမရှိစေရေး သဲကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်သွားရန်နှင့် ရေနှုတ်မြောင်းအား စနစ်တကျပြန်လည်တူးဖော်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နေအိမ်များပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် ဝါးဝယ်ယူနိုင်ရေး ငွေကျပ်သိန်း ၅၀ ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နမ္မတီးမြို့မှတစ်ဆင့် နန့်လှိုင်ခေတ်မီစံပြကျေးရွာသို့ သွား ရောက်ပြီး ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမနှစ်စက်ဝန်းမှ မတည်ငွေကျပ်သိန်း (၃၀၀) မတည်ပေးမှုဖြင့် ဝက်မွေးမြူရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဒေါ်ဖွေးစိန်းခြံသို့ သွားရောက်ပြီး ဝက်ပေါက်များ ထပ်မံမွေးမြူ၍ စီးပွားဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နန့်လှိုင်ကျေးရွာဘေးရှိ မြတောင်ကွင်းသို့ သွားရောက်ပြီး မြတောင်ကွင်းအတွင်းရှိ တောင်သူ ဦးမျိုးမျိုး၏ မိုးစပါးစိုက်လယ် (၅)ဧကအတွင်း ဒေသခံတောင်သူများက ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာအချိုးကျ အချိန်ကိုက်ရောစပ်ကြဲပက်ခြင်း တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲအား ကြည့်ရှုအား ပေးခဲ့ကြပြီး ဒေသခံတောင်သူများ၏ တစ်ဧက မိုးစပါး အထွက်နှုန်းတိုးပွားရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ငြိမ်းချမ်းသာ ဘောလုံးကွင်းအတွင်း မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ (KBC)က ကြီးမှူး၍ အသက် (၂၃)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စီတာပူနှစ်ခြင်းခရစ်ယာန်အသင်းတော်လူငယ်ဘောလုံးအသင်းနှင့် ဂျော်မဆပ်နှစ်ခြင်းခရစ်ယာန်အသင်းတော်လူငယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ်သိန်း (၂၀)နှင့်ဘောလုံးပြိုင်ပွဲဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။