ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၊ ရေကြည်ချောင်း ရေထိန်းတံခါးလုပ်ငန်းစီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေး၊ မြန်မာ့သိုင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   သြဂုတ် ၂၁

         ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးအတွက် ပြည်သူအားလုံးအာဟာရပြည့်ဝမျှတရေးသည် အဓိကအခြေခံအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစလို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အာဟာရပြည့်ဝစွာ စားသောက်နေထိုင်တတ်သည့် လူမှုပတ်ဝန်းကျင်များဖြစ်လာစေရေး အသိပညာ၊ အမူအကျင့်ကောင်းများရရှိစေရန်၊ အဟာရပြည့်ဝပြီး ကာယနှင့် ဉာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များပေါ်ထွက်လာစေရေးအတွက် မိခင်နို့တိုက်ကျွေးခြင်းမှ အစပြုပြီး အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်း လုပ်ငန်းများ ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် ဗီဒီယိုအဖြစ် “ကိုယ်ဝန်ဆောင်ကာလ အာဟာရ ပြည့်ပြည့်ဝဝစားကြစို့” ဗီဒီယိုအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသွယ်သွယ်စိမ်းက အာဟာရအကြောင်း သိကောင်းစရာများအား ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အသက်(၅)နှစ် အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးပေးခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာများပေးအပ်ခြင်းတို့ကို လည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်း နာယကနှင့်အသင်းဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများ ပေးအပ်ခြင်းနှင့် အာဟာရပြည့်ဝသောအစားအစာများ ထောက်ပံ့ခြင်းတို့ကို လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် ခန်းမအတွင်း ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနက ဖွင့်လှစ်ပြသထားသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ်အာဟာရပြည့်ဝသော အစားအစာများ စားသုံးနိုင်ရေးအတွက် အသိပညာပေးပြခန်းနှင့် ရက်သတ္တပတ်များနေ့ အထိမ်းအမှတ်လှုပ်ရှားဆောင်ရွက်ခဲ့မှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီမြစ် ရေကြီးရေလျှံမှုမှ ကာ ကွယ်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ရေကြည်ရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေကြီးရေလျှံမှုဖြစ်စဉ်တွင် မြစ်ရေအမှတ် ၉၅၀ စင်တီမီတာအထက်တွင် ရေစတင်ဝင်ရောက်သည့်  ရေကြည်ချောင်းအား ရေထိန်းတံခါးတည်ဆောက်ရေး စီမံကိန်းသို့ သွားရောက်ပြီး ရေထိန်းတံခါးတည်ဆောက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ချိန်အမီ အရည်အသွေးပြည့်မီအောင် ပြီးစီးအောင်ဆောင်ရွက်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ရေထိန်းတံခါးတည်ဆောက်နိုင်ရေးအတွက် စီမံကိန်းဧရိယာရှင်းလင်းတူးဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရေကြည်ချောင်းပေါက်မှ မြစ်‌ရေဝင်ရောက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

          ထိုမှတစ်ဆင့် ကျွန်းပင်သာစက်လှေဆိပ်သို့ သွားရောက်ပြီး တာရိုးလမ်းအခြေအနေနှင့် လမ်းပေါ်တွင် ရေကြီးရေလျှံမှုဖြစ်စဉ်မှ ကာကွယ်နိုင်ရေး ရေလျှံတာနံရံတည်ဆောက်နိုင်ရေးနှင့် တာရိုးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးကြသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်း၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်မြန်မာ့သိုင်းနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ပြည်နယ်လက်ရွေးစင်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်သည်။

          အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ရောက်ခဲ့ကြသော အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမာများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာ့သိုင်းအသင်း အုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများနှင့် ဆုတံဆိပ်ရရှိခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ့သိုင်းပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ် (၂)ခု ရ ကစားသမားများအပါအဝင် လက်ရွေးစင်အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၄၈၅၀၀၀၀ နှင့် ပိုက်ကျော်ခြင်းအသင်းအတွက် ချီးမြှင့်ငွေကျပ် ၇၅၀၀၀၀ တို့ဖြင့် စုစုပေါင်း ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ငွေကျပ် ၅၆၀၀၀၀၀ ကိုလည်းကောင်း၊ ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များကလည်း ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ လက်ရွေးစင်အသင်းနည်းပြက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။