မြစ်ကြီးနား စက်တင်ဘာ ၁၀
၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြိုင်ပွဲဝင် ၈၈ ဦး၊ ပြိုင်ပွဲအမျိုးအစားပေါင်း (၂၇)မျိုးဖြင့် စက်တင်ဘာ ၉ ရက်ကစတင်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပြိုင်ပွဲဒုတိယနေ့ကို ဆက်လက်ကျင်းပပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ များက မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအို မြို့နယ်များမှ ပြိုင်ပွဲဝင်များ၏ အခြေခံပညာအဆင့် အသက် (၁၅ နှစ်နှင့် ၂၀ နှစ်)၊ အသက် (၁၀ နှစ်နှင့် ၁၅ နှစ်) အမျိုးသား/ အမျိုးသမီး အတီးပြိုင်ပွဲများဖြစ်သည့် တယော၊ ပတ္တလား၊ ဆိုင်း၊ စောင်း၊ နှဲ၊ စန္ဒရားပြိုင်ပွဲများ၊ အဆိုပြိုင်ပွဲအဖြစ် မဟာဂီတ ပြိုင်ပွဲ၊ အကပြိုင်ပွဲများအပါအဝင် အဆင့်မြင့်ပညာအဆင့် အမျိုးသမီးအဆို မဟာဂီတပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြို့နယ်အလိုက် ဝါသနာရှင်နှင့် ကျွမ်းကျင်ပညာရှင်များကို စိစစ်ရွေးချယ်၍ ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ယှဉ်ပြိုင်စေ ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် စုစုပေါင်း (၈၈)ဦးတို့က အသက်အရွယ်အလိုက် ဘာသာရပ်ပြိုင်ပွဲအမျိုးအစားပေါင်း (၂၇)မျိုးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်ကာ ယနေ့ ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲမှ ဆုရရှိသူများအား ဗဟိုအဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

