မြစ်ကြီးနားမြို့၌ စားသောက်ဆိုင်၊ ဟိုတယ်/ တည်းခိုခန်း၊ ရွှေဆိုင်စသည့် အခွန်ထမ်းလုပ်ငန်းရှင်များ အား ပြေစာများပေါ်တွင် အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်း

မြစ်ကြီးနား စက်တင်ဘာ ၂၆
            ကုန်သွယ်လုပ်ငန်းခွန်နှင့်စပ်လျဉ်း၍ အခွန်ထမ်းလုပ်ငန်းရှင်များက စားသုံးသူများထံမှ သတ်မှတ်ထားသည့် အခွန်ကို စနစ်တကျကောက်ခံပြီး နိုင်ငံတော်သို့ မှန်ကန်စွာပေးသွင်းနိုင်ရေးအတွက် ကချင်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
            ထိုသို့ အခွန်ဆိုင်ရာ အသိပညာပေးခြင်းကို မြစ်ကြီးနားမြို့ပေါ်ရှိ စားသောက်ဆိုင်၊ ဟိုတယ်/ တည်းခိုရိပ်သာ၊ ရွှေဆိုင်စသည့် အခွန်ထမ်းလုပ်ငန်းရှင်(၁၃၀)ဦးကျော်တို့ တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး အသိပညာပေးခြင်းကို ပြည်နယ်ပြည် တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြင့်ဇော်သန်းက ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြေစာထုတ်ပေးခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြေစာများအပေါ် အခွန်တံဆိပ်ကပ်နှိပ်ထုတ်ပေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်၊ ပုံစံများနှင့် သတိပြုရန်အချက်များ၊ လုပ်ငန်းရှင်များ၏ တာဝန်၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များ၊ သတင်းပေးတိုင်းကြားခြင်းနှင့် ဆုကြေးငွေချီးမြှင့်ခြင်း စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးဟော ပြောပေးခဲ့ကာ တက်ရောက်လာကြသော လုပ်ငန်းရှင်များ၏ သိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။