မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာအုပ်စု၊ မမုန်ကိုင်ကျေးရွာအတွင်း တရားမဝင်ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားသော မြေနေရာများ၌ ပြုပြင်မွှမ်းမံ အသုံးပြုနိုင်ရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား  စက်တင်ဘာ ၂၆
          ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့၊ မမုန်ကိုင်ကျေးရွာအုပ်စု၊ မမုန်ကိုင်ကျေးရွာအတွင်း တရားမဝင် ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားသော မြေနေရာများ၌ ပြုပြင်မွမ်းမံအသုံးပြုနိုင်ရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယနေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ကျေးရွာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
      ထိုသို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အင်းတော်ကြီးဒေသသည် ကချင်ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက်ပါ မဖြစ်မနေထိန်းသိမ်းစောင့်ရှောက်ရမည့် အဖိုးတန်ဒေသတစ်ခုဖြစ်သည်ကို မိမိတို့အားလုံးသိရှိနားလည်ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ မမုန်ကိုင်ကျေးရွာတွင် တရားမဝင်ရွှေတူးဖော်မှုကြောင့် ပျက်စီးသွား သောမြေနေရာများအား ပြုပြင်မွမ်းမံအသုံးပြုနိုင်ရေး၊ ပြန်လည်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကို အလေးအနက်ထား၍ သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးကဝိုင်းဝန်းတာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သောလုပ်ငန်းအစီအမံများဖြစ်စေရေး အားလုံးကဝိုင်းဝန်းဆွေးနွေးအကြုံပြုကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
          ထို့နောက် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာအတွင်း တရားမဝင်ရွှေတူးဖော်မှုကြောင့် ပျက်ဆီးခဲ့မှုများအပေါ် ကွင်းဆင်းတွေ့ရှိချက်များနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ပျက်စီးခဲ့မှုအခြေအနေများအပေါ် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုများ၊ မြေဆီလွှာထိန်းသိမ်းရေးအတွက် သစ်ပင်များပြန်လည်စိုက်ပျိုးနေမှု၊ ကျေးရွာလမ်း၊ တံတား၊ မီးတိုင်များ ပြန်လည်ပြင်ဆင်ဆောင်ရွက်မည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ထိန်းသိမ်းဆောင်ရွက်မည့် အစီအမံများအပေါ် စက်သုံးဆီ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေး၊ လယ်မြေများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးနှင့် ကျင်းဟောင်းအချို့ ပြန်လည်ပြုပြင်၍ ဒေသငါးမျိုးများ စမ်းသပ်မွေးမြူ ထုတ်လုပ်နိုင်ရေးနှင့် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။