မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းအတွင်း ကုန်သွယ်မှု လုပ် ငန်းများ ပိုမိုတိုးတက်လည်ပတ်နိုင်ရေးနှင့် စခန်းဧရိယာအတွင်းတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ပြည်နယ်လက်ရွေးစင် ပြေးခုန်ပစ်နှင့် လက်ဝှေ့အသင်းတို့အား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်

မြစ်ကြီးနား    စက်တင်ဘာ ၂၇
          ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင် ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းအတွင်း ကုန်စစ်ဆေးရေးလုပ်ငန်းများနှင့် ကုန်တင်ယာဉ်ကြီးများ ဝင်/ထွက်သွားလာမှု အဆင်ပြေစေရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကုန်စစ်ဆေးရေးကွင်းအတွင်း ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လည်ပတ်နိုင်ရေးနှင့် စခန်းဧရိယာအတွင်း တည် ဆောက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
          အဆိုပါ ကုန်စစ်ဆေးရေးစခန်းကို နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးနှင့် နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ရရှိရေးအတွက်  သြဂုတ် ၂၉ ရက်က စတင်ဖွင့်လှစ်၍ ကုန်စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ သွင်းကုန်/ပို့ကုန် ယာဉ်အစီးရေ ၆၁ စီး ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒဿမ ၆၆၇ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။
ယခုအခါ အဆိုပါ ကုန်စစ်ဆေးရေးစခန်းအတွင်း ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အတိုင်း ပိုမိုတိုးတက်လည်ပတ်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့်အတူ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေး  OSS အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး၊  ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဒေသတွင်း စားသောက် ကုန်ပြတ်လပ်မှုမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရေးဆွေးနွေးမှာကြားခဲ့ပြီး OSS အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ကံပိုင်တည်ကုန်သည်များ အသင်းတာဝန်ရှိသူများနှင့် စခန်းဖွင့်လှစ်ပြီး ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအခြေ အနေများ၊ ကုန်စစ်ဆေးရေး စခန်းအတွင်း လိုအပ်ချက်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စခန်းအတွင်း လမ်းများ တိုးချဲ့ဆောင်ရွက်မှု၊ အခြေခံအဆောက်အအုံများ တည်ဆောက်ပေးနေမှုများကို မြန်ဆန်စွာဆောင်ရွက်ပြီးစီးရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စခန်းအတွင်း ကုန်တင်ယာဉ်ကြီးများ ရပ်နားနိုင်ရေး ခြံစည်းရိုးနှင့်သံပန်းတံခါး စနစ်တကျတပ်ဆင်ကာရံဆောင်ရွက်ထားရှိမှု၊ ရေတွင်းတူးဖော်ခြင်း၊ ရေစင်၊ ရေချိုးခန်းနှင့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များ နားနေဆောင်တည်ဆောက်နေမှုအခြေအနေများနှင့် ကုန်တင်ယာဉ်ကြီးများ ဝင်/ထွက်သွားလာမှုအဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေး စခန်းပတ်လည်တွင် မြေသားလမ်းပြုပြင်တိုးချဲ့ ခြင်းလုပ်ငန်းနှင့် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ အဆိုပါလမ်းပိုင်းအတွင်း Box Culvert  တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးရေးအတွက် ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
          ထို့အတူ ယနေ့ မွန်းလွဲ ၂ နာရီခွဲကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် လက်ဝှေ့ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ပြေးခုန်ပစ်အသင်းနှင့် လက်ဝှေ့အသင်းတို့အား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပေဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့နှင့်အတူ တက်ရောက်အားပေးခဲ့ကြသည်။
          ဦးစွာ ပြိုင်ပွဲဝင်ရောက်ကြမည့် လက်ရွေးစင်ပြေးခုန်ပစ်အသင်းနှင့် လက်ဝှေ့အသင်းတို့ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲတစ်လျှောက် စည်းကမ်းများကို အလေးထားလိုက်နာပြီး အားကစားသမားစိတ်ဓာတ်ဖြင့် ပြိုင်ဘက်များကို လေးစားတန်ဖိုးထားကြရန်၊ နည်းပြနှင့်အုပ်ချုပ်သူများအနေဖြင့် အောင်နိုင်မှုရရှိရေးအတွက် စနစ်တကျစီမံအုပ်ချုပ်နိုင်ရေးနှင့် အောင်မြင်မှုများနှင့်အတူ ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်ပါစေကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်ပြေးခုန်ပစ်အသင်းနှင့်လက်ဝှေ့အသင်း နည်းပြ၊ အုပ်ချုပ်သူနှင့် အားကစားသမားများအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ် သိန်း ၂၀ ကို လည်းကောင်း၊ အားကစားနည်းအလိုက် ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလည်း ချီးမြှင်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြရာ လက်ရွေးစင်အသင်းနည်းပြနှင့် အုပ်ချုပ်သူများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။