ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (PTSC) အဖွဲ့ဝင်များနှင့် စက်သုံးဆီများ စနစ် တကျ ဝယ်ယူဖြန့်ဖြူးနိုင်ရေး၊ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး လုပ်ငန်းညှိနှိုင်းစည်းဝေးသို့ တက်ရောက်

မြစ်ကြီးနား   စက်တင်ဘာ ၁၈

            ကချင်ပြည်နယ်အတွင်း စက်သုံးဆီများ ဝယ်ယူဖြန့်ဖြုးရောင်းချရာတွင် ဝယ်ယူဖြန့်ဖြူးခြင်း လုပ်ငန်းလုပ်ကိုင်သူများနှင့် ဝယ်ယူသုံးစွဲသူများကိုလည်း ဒေသတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရေး၊ သင့်တင့်မျှတသည့် ဈေးနှုန်းသတ်မှတ်ပေးနိုင်ရေးအတွက် ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ(PTSC)အဖွဲ့ဝင်များနှင့်ဆီလုပ်ငန်းရှင်များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုစက်တင်ဘာလ ၁၇ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

              ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PTSC) ဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က လစဉ်စက်သုံးဆီ သယ်ယူဖြန့်ဖြူးခွင့်အတွက် ခွင့်ပြုချင်ပေးပြီး စနစ်တကျသယ်ယူနိုင်ရေး၊ အရည်အသွေးမျက်မြင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဈေးနှုန်းများ သတ်မှတ်ရာတွင်လည်း စက်ရုံထုတ်ဈေး၊ ဝယ်ယူဈေးများအပေါ် ကုန်သွယ်ခွန်၊ အမြတ်ခွန်၊ သယ်ယူစရိတ်များအပေါ် စနစ်တကျ စိစစ်တွက်ချက်ပြီး ဝယ်ယူဖြန့်ဖြူးသူများလုပ်နိုင်ကိုင်နိုင်အောင်၊ ဝယ်ယူသုံးစွဲသူများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်အောင် သင့်တင့်မျှတသော ဈေးနှုန်းရရှိအောင် စိစစ်တွက်ချက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

              ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက စက်သုံးဆီဝယ်ယူဖြန့်ဖြူးခွင့်၊ သယ်ယူခွင့်ရရှိရေး သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် PO ခွဲဝေပေးနိုင်ရေး၊ ဈေးနှုန်းသတ်မှတ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း၊ SME စက်သုံးဆီလုပ်ငန်းဆိုင်ရာအသင်းတာဝန်ရှိသူများနှင့် ဆီလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် ကုမ္ပဏီတာဝန်ရှိသူများက သီလဝါမှ ဒီဇယ်ဆီနှင့် ပြည်တွင်းထုတ် သံပုရာကန် ဓာတ်ဆီများ ဝယ်ယူဖြန့်ဖြူးခွင့်ရရှိအောင် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။

              ထို့နောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့ တာဝန်ရှိသူများက သီလဝါမှ ဒီဇယ်ဆီ (စတုတ္ထအကြိမ်)နှင့် ပြည်တွင်းထုတ်သံပုရာကန်ဓာတ်ဆီ (ပဉ္စမအကြိမ်) နှင့်ပတ်သက်၍ ဈေးနှုန်း စိစစ်တွက်ချက်သတ်မှတ်ခြင်းနှင့် PO ခွဲဝေသတ်မှတ်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက စက်သုံးဆီဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်ကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ဖြည့်စွက်သုံးသပ်ဆွေးနွေးတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးက စက်သုံးဆီများကို သယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး၊ ချောမွေ့ လွယ်ကူစွာ သယ်ယူနိုင်ရေးအပြင် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးကို အလေးအနက်ထား ဆောင်ရွက်သွားကြရေးနှင့် လိုအပ်သည်မျာကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။