မြစ်ကြီးနား အောက်တိုဘာ ၆
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြစ်ကြီးနားဇုန်အဆင့် တက္ကသိုလ်များ(အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံစေရန် လေ့ကျင့်ပျိုး ထောင်ပေးလျက်ရှိပါကြောင်း၊ ပညာဝန်ကြီးဌာနအနေဖြင့်လည်း တက္ကသိုလ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲကို ယခုလအတွင်း ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည့်အတွက် ယနေ့ ကချင်ပြည်နယ်ကိုယ်စားပြု မြစ်ကြီးနားဇုန် (အမျိုးသား) ဘောလုံးအသင်း လက်ရွေးစင်ကစားသမားများ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်များအနေဖြင့် လက်ရွေးစင်အဖြစ် ပါဝင်နိုင်ရေးအခွင့်အရေးကို လက်လွတ်မခံဘဲ ကျွမ်းကျင်မှု၊ ခွန်အား၊ သက်လုံ၊ နည်းစနစ်၊ စိတ်ဓာတ်တို့ကို မှတ်ကျောက်တင်နိုင်သည်အထိ ပြိုင်ပွဲဝင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကြမည့် မြစ်ကြီးနားတက္ကသိုလ်လက်ရွေးစင်အသင်းနှင့် မိုးညှင်းတက္ကသိုလ်လက်ရွေးစင်အသင်းတို့မှ ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် (၁၅) သိန်းကို မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်ထံ ပေးအပ်သည်။
ယင်းနောက် ဘောလုံးပြိုင်ပွဲစတင်နိုင်ရေး ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းက ဘောလုံးအား ကွင်းအတွင်းသို့ ကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့ပြီး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့ကြရာ မြစ်ကြီးနားတက္ကသိုလ်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက ဒိုင်အဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ နေရာအလိုက်နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ဒုတိယဆုရအသင်းနှင့် ပထမဆုရအသင်းတို့အား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်များနှင့် ဆုဖလားတို့အား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက္ကသိုလ်၊ ဒီဂရီကော်လိပ်ပေါင်းစုံ ဇုန်အလိုက် ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နိုင်ရေး ဒိုင်အဖွဲ့နှင့် ကြီးကြပ်ရေးအဖွဲ့က ရွေးချယ်ခဲ့သော မြစ်ကြီးနားဇုန် လက်ရွေးစင်ဘောလုံးအသင်း အားကစားသမားအမည်စာရင်းအား ကြေညာခဲ့ကြသည်။
ထို့အတူ ညပိုင်းတွင် မြစ်ကြီးနားမြို့ Northern Star ဂေါက်ကွင်း၌ ကျင်းပပြုလုပ်သည့် သီတင်းကျွတ်အထိမ်း အမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများက ပြိုင်ပွဲတွင် ဆုအမျိုးအစားအလိုက် တစ်ဦးချင်းနှင့် အသင်းလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။



