ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ်အေရိုးဗစ်အသင်းနှင့် ပြည်နယ်တင်းနစ်အသင်းတို့အား ကြိုဆိုဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   အောက်တိုဘာ ၉

ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီက မြစ်ကြီးနားလေဆိပ်၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသော ကချင်ပြည်နယ်အေရိုးဗစ်အသင်းအား ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

          ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် ပြည်နယ်အေရိုးဗစ်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ လီဆူတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားအဖွဲ့၊ Fitness Dance အကအဖွဲ့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာအဖွဲ့တို့နှင့်အတူ ဂုဏ်ပြုပန်းကုံး၊ ဂုဏ်ပြုအရုပ်လက်ဆောင်တို့ဖြင့် လှိုက်လှိုက် လှဲလှဲ ကြိုဆိုခဲ့ကြသည်။

          ဆက်လက်၍ လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရအေရိုးဗစ်အသင်းအား ကချင်ပြည်နယ် အေရိုးဗစ်အသင်းအနေဖြင့်(၉)ယောက်တွဲနှင့် (၃)ယောက်တွဲတို့တွင် ရွှေတံဆိပ် (၂)ခုရရှိခဲ့သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် (၂)နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ပြည်နယ်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် အားကစားသမားများအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုကြိုဆိုရာတွင် ပါဝင်ကူညီပေးကြသည့် အကအဖွဲ့ များနှင့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ရာ အေရိုးဗစ်အသင်းနည်းပြက ပြိုင်ပွဲအတွေ့အကြုံများ၊ ဆုတံဆိပ်ရရှိခဲ့မှုများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့အတူ ညပိုင်းတွင်လည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော ပြည်နယ်အေရိုးဗစ်အသင်းနှင့် တင်းနစ်ပြိုင်ပွဲ တွင် အမျိုးသားနှစ်ယောက်တွဲ တတိယဆုနှင့် အမျိုးသမီးအသင်းလိုက် တတိယဆုများရရှိခဲ့သော  ပြည်နယ်တင်းနစ်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အေရိုးဗစ်အသင်းအနေဖြင့် ရွှေတံဆိပ် (၂)ခု ရရှိခဲ့ပြီး တင်းနစ်အသင်းသည်လည်း အမျိုးသား (၂)ယောက်တွဲနှင့် အမျိုးသမီးအသင်းလိုက် တတိယဆုများကို ရရှိခဲ့ကြသည့်အတွက် ပြည်နယ်သူ/ ပြည်နယ်သားများအားလုံးကိုယ်စား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ယခုဆုတံဆိပ်များဖြင့် တင်းတိမ်မှုမရှိဘဲ ပိုမိုမြင့်မားသော ပန်းတိုင်များထိ ဆက်လက်ကြိုးစားသွားကြရန်နှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်၏ ဂုဏ်ကို သယ်ပိုးဆောင်ရွက်ကြမည့် လူငယ်အားကစားသမား များစွာ ပေါ်ထွန်းလာစေရေး လိုအပ်သော အထောက် အပံ့များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

          ဆက်လက်၍ အေရိုးဗစ်အသင်းနည်းပြနှင့် တင်းနစ်အသင်းနည်းပြတို့က ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရွှေတံဆိပ် (၂)ဆုအတွက် ငွေကျပ်သိန်း ၂၀ ၊ အနိုင်ရရှိသည့် ပြိုင်ပွဲ (၅)ပွဲအတွက် ၂၅ သိန်း၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်တို့အတွက် ငွေကျပ် ၉ သိန်းကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက တင်းနစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု (၂)ဆုအတွက် ငွေကျပ် ၁၀ သိန်း၊ အနိုင်ရရှိသည့် ပြိုင်ပွဲ (၅)ပွဲအတွက် ငွေကျပ်သိန်း ၂၀ နှင့် အုပ်ချုပ်သူ၊ နည်းပြများ အတွက် ငွေကျပ် ၁၀ သိန်းကို လည်းကောင်း စုစုပေါင်းချီးမြှင့်ငွေကျပ် ၉၄ သိန်းနှင့် အသေးစား၊ အလတ်စားစက်သုံးဆီလုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းရှင်များက စုစုပေါင်းငွေကျပ်သိန်း ၄၀ ကို လည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြရာ လက်ရွေးစင်အုပ်ချုပ်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ဆုရအေရိုးဗစ်အသင်းက လေ့ကျင့်ပြသမှုများ၊ မလိခ Music ၏ တေးသီချင်းသီဆိုဖျော်ဖြေမှုများဖြင့် ဂုဏ်ပြုညစာအား ရင်းနှီးနွေးထွေးစွာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။